စူးရောက်ကွက်တွေ

မွန်ပြည်နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက “အ” သုံးလုံး သင်တန်းများ စတင်ဖွင့်လှစ်နေပြီး ပြည်သူတိုင်း စာတတ်မြောက်ရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း ကြွေးကြော်နေ

ရန်ကုန်၊ ဧပြီ ၇

မွန်ပြည်နယ်ရှိ မြို့နယ်တချို့မှ ကျေးရွာများတွင် အကြမ်းဖက် စစ်ကောင်စီ၏ အစီအစဉ်ဖြင့် “အ” သုံးလုံး သင်တန်းများ စတင်ဖွင့်လှစ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“အ” သုံးလုံး သင်တန်းများသည် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားဒေသမှ ပြည်သူများ စာတတ်မြောက်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ်က ကြွေးကြော်ထားပြီး အခြေခံစာတတ်မြောက်ရေး သင်တန်းဟု ခေါင်းစဉ် ပေးထားကြောင်း သိရှိရသည်။

ဒေသပြည်သူများက “အ” သုံးလုံး သင်တန်းဟု ခေါ်ဆိုသည့် အခြေခံ စာတတ်မြောက်ရေး သင်တန်းများကို အကြမ်းဖက် စစ်ကောင်စီက ရက်ပေါင်း ၄၀ ကြာ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း၊ “အ” သုံးလုံး သင်ကြားပေးရန် ဆိုကာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ အခြေခံပညာကျောင်း ဆရာ၊ ဆရာမ များကို သင်တန်းစပေးခဲ့ကြောင်း၊ စာသင်ဝိုင်း တစ်ခုကို ဆရာ ‌၃ ဦးစီ တာဝန်ယူခိုင်းပြီး သင်ပေးနေရကြောင်း အခြေခံပညာ ကျောင်းဆရာမ တစ်ဦးက ပြောဆိုသည်။

“အ” သုံးလုံး စီမံချက်အတွက် အကြမ်းဖက် စစ်ကောင်စီက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို လုပ်အားပေး သင်ကြားနိုင်ရန် စာရင်း ကောက်ယူထားသော်လည်း လက်တွေ့တွင် အခြေခံပညာဝန်ထမ်းများသာ သင်ကြားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

တက္ကသိုလ် ကျောင်းသားများကို လုပ်အားပေးအဖြစ် စာသင်နိုင်ရန် ခေါ်ယူထားသော်လည်း နိုင်ငံရေးအခြေအနေကြောင့် အန္တရာယ်ရှိနိုင်သည့်အတွက် လုပ်ငန်းခွင်မှ ဆရာ၊ ဆရာမ များကိုသာ တာဝန်ပေးရခြင်း ဖြစ်ကြောင်း သင်တန်းဖွင့်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ၏ မွန်ပြည်နယ် ဝန်ကြီးချုပ် အောင်ကြည်သိန်းက ပြောကြားသွားကြောင်း သိရှိရသည်။

“အ” သုံးလုံး သင်ကြားနိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းမှ မြို့နယ်အလိုက် အခြေခံပညာ‌ရေး ဝန်ထမ်း ကျောင်း ဆရာ၊ ဆရာမ ၉၀၀ အသုံးပြုထားကြောင်း သိရသည်။

“ရွာတွေမှာ စာရင်းလိုက်ကောက်တုန်းက တစ်ရွာကို ၁၀ ယောက်ကနေ အယောက် ၂၀ အထိ စာရင်းတွေပေးထားကြတာ သင်တန်းစတော့ တစ်ဝက်လောက်ပဲ လာတက်တဲ့ရွာနဲ့ တချို့ရွာတွေမှာဆို ၁၅ ယောက်စာရင်းပေးပြီး ၂ ယောက်ပဲလာတက်တာတွေ လုံးဝ လာမတက်တဲ့ ရွာတွေလည်းရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစတင်ကာ “အ” သုံးလုံး စီမံချက်အတွက် ကျေးရွာအလိုက် စာမတက် သူစာရင်းကောက်ခံခြင်းများ လုပ်အားပေးဆောင်ရွက်ရန် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစေရန် တက္ကသိုလ်ကျောင်းများတွင် ရုပ်ရှင်ပြသခြင်းများ မေဂျာအလိုက် ကျောင်းသားဦးရေ စာရင်းကောက်ခံခြင်းများ အတင်းအကျပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Photo – မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *