ကြိုက်သွားပီ ဖထီးရာ အဲ့လိုဘဲဖြစ်ရမယ်

လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦးကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်တပ်ထံ ပြန်ပို့ရန် အကြောင်း မရှိ၊ ထိုင်းအစိုးရက တိုက်ရိုက်စကားပြောလာခြင်း မရှိသည့်အပြင် စစ်သုံ့ပန်းများ၏ ဆန္ဒမပါဘဲ မည်သည့် ဖိအားပေးမှုကိုမှ KNU က လက်မခံ

■ စစ်ရှုံးနေသော စစ်ကောင်စီက ရှက်ရကောင်းမှန်းမသိဖြစ်နေပြီး သူ့လူများ ပြန်ပေးရန် နိုင်ငံတကာကို အောက် ကျို့

ရန်ကုန်၊ ဧပြီ ၈

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦးကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်တပ်ထံသို့ ပြန်ပို့ရန်အကြောင်း မရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် အထူးသီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့် KNU နှင့် တိုက်ရိုက်စကားပြောဆိုခြင်းမရှိသကဲ့သို့ KNU အနေဖြင့်လည်း မိမိကာကွယ်ရမည့် သူများကို ၎င်းတို့၏ ဆန္ဒမပါဘဲ ပြန်လည်ပို့ဆောင်မည်မဟုတ်ကြောင်း ပဒိုစောတောနီးက ပြောဆိုသည်။

“ဒီလူတွေက အစိုးရ ဂုဏ်သိက္ခာနဲ့ အဲဒီလို စကားလုံးကို အများကြီးသုံးတယ်။ အဲဒါကြောင့် ကျနော်တို့နဲ့ တော်ရုံ တန်ရုံ စကားမပြောဘူးဗျ။ ကျနော်တို့နဲ့ တိုက်ရိုက်စကားမပြောပေမယ့် သူတို့ပြောနေတဲ့စကားတွေ ကျနော်တို့ ကြားကြားနေရတယ်။ အဲဒါလေးတော့ရှိတာပေါ့။ သီအိုရီအရ G to G ဆိုတာ သူတို့ အမြဲပြောတယ်။ G to G ဆိုတာ ကျနော်တို့ ဘယ်ပါမလဲ။ လက်ရှိကာလမှာ” ဟု KNU ပဒိုစောတောနီးက ပြောဆိုသည်။

“သူတို့တကယ်ပြန်ချင်တယ်ဆိုရင် သူတို့ဆန္ဒအလျောက်ပေါ့။ အဲဒါကတော့ ကျွန်တော်တို့ တကယ်မတားဘူး သူတို့ ပြန်နိုင်တယ်။ ဒုတိယအချက် အဲဒီလူတွေကို ဆန္ဒမပါဘဲနဲ့ ဒီလူတွေကို အတင်းကာရော ပြန်ပြီးတော့ အတင်း အကျပ်နဲ့ ပြန်ပို့တဲ့ဟာကိုတော့ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး။ အဲဒါကို ကျွန်တော်တို့ကို လာပြီးတော့ ဖိအားပေးလို့မရဘူး။ အဲဒါ ကျွန်တော်တို့တာဝန်ရှိတယ်။ အဲဒါကြောင့်မို့ တစ်ချိန်တည်းမှာ တခြား နိုင်ငံတကာအဖွဲ့အစည်း တွေ၊ နိုင်ငံတကာအစိုးရတွေကို ပန်ကြားချင်တာကတော့ ဒီလိုမျိုး လာပြီးတော့ ဖိအားပေးတာတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ အစိုးရအဖွဲ့တိုင်း အဖွဲ့တိုင်းမှာ ကျွန်တော်တို့ ဘယ်အဖွဲ့အစည်း၊ အစိုးရမဟုတ်သည့်တိုင်အောင် လူထုအပေါ်မှာ ရပ်တည်တဲ့ အဖွဲ့အစည်းမှန်သမျှဟာ ဒီလူထုတွေ အသက်ရှင် ရပ်တည်ရေး ကျွန်တော်တို့ တာဝန်ခံရတယ်။ အဲဒီအပေါ်မှာတော့ သူတို့ ဆန္ဒမပါဘဲနဲ့ ဒီလူတွေ ပြန်ပို့မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ အဲဒါတစ်ချက်ပဲ သေချာရှင်းလင်းချင်တယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိတွင် စစ်ရှုံးနေသော်လည်း ရှက်ရကောင်းမှန်း မသိဖြစ်နေကြောင်း၊ နိုင်ငံတကာကို အောက်ကျို့ပြီး KNU ကို ဖိအားပေးရန် ကြိုးစားနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“စစ်ရေးအရရော ကြည့်ရင် ရှုံးပွဲတွေနဲ့ ဆက်နေတာကို ဒါလည်း ရှက်ရကောင်းမှန်းမသိဘူး။ နိုင်ငံတကာကို သူတို့ အောက်ကျို့ပြီးတော့ သူ့လူတွေ ပြန်ခေါ်ပါရစေနဲ့။ ဒီလို စစ်ရှုံးနေတဲ့ လူတွေကို ဒီကနေ ပြီးတော့ သူ့ရဲ့ဟာတွေ၊ သူ့ဝန်ထမ်းတွေ၊ ပစ္စည်းပစ္စယတွေကို ကြွယ်ဝချမ်းသာမှုတွေကို အကုန်လုံး လေကြောင်းကနေ ပြန်ထုတ်မယ်ဆိုတာကြီးက ဒါက တစ်ကမ္ဘာလုံးကို ငါစစ်ရှုံးပြီဆိုတာ ကြေညာလိုက်တာပဲလေ။ အဲဒါ သူတို့က ရှက်ရကောင်းမှန်းလည်းမသိဘူး။ ဒီအခြေအနေက ရှိနေပါတယ်။ ဒါကတော့ မဆန်းပါဘူး။ ကျနော်တို့ကတော့ သူတို့နဲ့ သွားတုလို့လည်းမရဘူးလေ။ ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ” ဟု ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုသွားသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *