ကော့ကရိတ်မြို့ သတင်းကောင်း ကြားရပြီ

ကော့ကရိတ်မြို့ ၆၀ ရာခိုင်နှုန်းကို သိမ်းယူထားဟု NUG ကြေညာ

၃ လကြာ တိုက်ခိုက်ပြီးနောက် ကော့ကရိတ်မြို့ပေါ်ရှိ နေရာအများစုကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ခဲ့သည်၊ ခလရ (၉၇) စခန်းကလည်း နေ့စဉ် လက်နက်ကြီး၊ ဒရုန်းများဖြင့် တုံံ့ပြန်တိုက်ခိုက်နေသည်။

သုံးလကြာ ထိုးစစ်ဆင်ပြီးနောက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ ၆၀ ရာခိုင်နှုန်းကို သိမ်းယူနိုင်ခဲ့ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ (ဖေဖော်ဝါရီ ၂၆) တွင် သတင်းထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ဘားအံ- မြဝတီ အာရှလမ်းမကြီးကိုလည်း အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်ဟု NUG က ဆိုသည်။

ယမန်နှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး ကော့ကရိတ်မြို့သိမ်းယူနိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကြောင်းများက ပူးပေါင်းထိုးစစ်ဆင်ခဲ့သည်။

စစ်ကောင်စီတပ်စွဲနေရာများဖြစ်သည့် မြို့တောင်ဘက်ခြမ်းရှိ ကော့နွယ်စခန်းကုန်း၊ လှိုင်ဝတံတားဂိတ်နှင့် ကြာပန်းဂိတ်၊ အာရှလမ်းပေါ်ရှိ ကမိုင်ကုန်းသင်္ချိုင်းကုန်း၌ တပ်စွဲထားသည့် အထိုင်စခန်းတို့ကို သိမ်းယူခဲ့ပြီး ဖြစ်သည်။

အလားတူ ကော့ကရိတ်ချောင်းတောင်ရပ်ကွက် စာသင်ကျောင်း၊ တောင်ကြာအင်းရဲစခန်း၊ အာရှလမ်းမပေါ်ရှိ ရေကူးကန်နှင့် ဆီဆိုင် ဂိတ်စခန်းများကို KNLA,PDF ပူးပေါင်းတပ်က အထက်ပါ စစ်ဆင်ရေးများအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

“မြို့တွင်း ၆၀ ရာခိုင်နှုန်းကို ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေ နေရာယူထားပါတယ်။ မြို့ပြင် ကော့ကရိတ်တောင်ခြမ်းမှာ ကျားဖြူတပ်ခွဲ (၁)၊ နဂါးဖြူ၊ SOG, ဂဠုန်စတဲ့စစ်ကြောင်းတွေ ၀န်းရံထားပြီးတော့ ကော့ကရိတ်မြောက်ခြမ်းကိုတော့ ကျားဖြူစစ်ကြောင်းနဲ့ အခြားပူးပေါင်းစစ်ကြောင်းတွေ ဝိုင်းရံထားပါတယ်” ဟု NUG လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ၃ လအတွင်း စစ်ကောင်စီဘက်မှ လက်နက်ချသူ ၁၄ ဦး၊ သေဆုံးသူ ၃၀၊ ဒဏ်ရာရသူအများအပြားရှိခဲ့ကာ လက်နက် ၄၆ လက် သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

KNLA, PDF ပူးပေါင်းတပ်ဖွဲ့များဘက်က ၇ ဦး သေဆုံးသည်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးသည်ဟု NUG ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကော့ကရိတ်မြို့နယ်သည် စစ်တပ်နှင့် KNU တို့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသည့်နေရာလည်းဖြစ်သည်။
မြို့ခံပြည်သူ ထောင်နှင့်ချီ၍ ရှောင်တိမ်းနေရပြီး မြို့ပေါ်နေရာအများစု မီးလောင်ကျွမ်းပျက်စီးနေပြီ ဖြစ်သည်။

ဒီဇင်ဘာ ၂၅ ရက်နေ့တွင် အမှတ် (၅) လှိုင်ကွက်သစ်ရပ်ကွက်၊ ၂၆ ရက်နေ့တွင် အမှတ်(၇) တံတားဦးရပ်ကွက်ရှိ နေအိမ်တချို့ မီးလောင်ပျက်စီးထားသည်။

KNU ၏ စာရင်းများအရ ဒီဇင်ဘာ နောက်ဆုံးပတ်အထိ ကော့ကရိတ်မြို့နယ်အတွင်း၌ စစ်ဘေးရှောင်ပေါင်း ၃၀,၀၀၀ ဝန်းကျင်ခန့် ရှိသည်။
မြို့ပေါ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၉၇) ဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့များ စုပေါင်းခုခံနေပြီး လူနေရပ်ကွက်များအတွင်း လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ်နေသည်။

မြို့ခံများမရှိသော ကော့ကရိတ်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ်များကို ဖောက်ထွင်းခိုးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟု KNU က ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးသလို ထိုးစစ်ဆင်ခံနေရသည့် အခြေအနေကိုလည်း သတင်းအမှောင်ချထားသည်။

ဒေါနတောင်အနောက်ခြမ်း ကော့ကရိတ်မြို့နယ်သည် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အာရှလမ်းမကြီးဘေးတွင် တည်ရှိပြီး သင်္ဃန်းညီနောင်၊ မြဝတီ၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး စသည့် မြို့နယ်များနှင့် နယ်မြေထိစပ်နေသည်။

သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်သည့် KNU သည် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့ကို စုပေါင်းပြီး ဒူးပလာယာခရိုင် တပ်မဟာ (၆) အဖြစ် သတ်မှတ်ထားရာ တိုက်ပွဲဖြစ်နေသော ထိုနယ်မြေသည် KNU တပ်မဟာ (၆) နယ်မြေတွင် ပါဝင်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေး စတင်သည့် ယမန်နှစ် အောက်တိုဘာ ၂၇ ရက်ကလည်း ကော့ကရိတ်မြို့အတွင်းရှိ စစ်ရေးပစ်မှတ်များကို KNLA,PDF ပူးပေါင်းတပ်များက ၃ ရက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ထိုစစ်ဆင်ရေးနှင့်အပြိုင် ထိုစဉ်က ကော့ကရိတ်မြို့လယ် ဂေါက်ကွင်းဘေးရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် သတင်းရဲတပ်ဖွဲ့ (SB) ရုံးတို့ကို တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *