စောစီး ရမ်းဗြဲ မုန့်တီ ပွဲ၂၀ ပူပူနွေးနွေးရပြီ

ရမ်းဗြဲတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကြောင်းမှ နောက်ထပ် အင်အား ၂၀ ကျော်ကို AA ချေမှုန်း
“ လေယာဉ်ဖြင့်ချပေးသည့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို AA သိမ်းပိုက်ရရှိ”

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် ရမ်းဗြဲတိုက်ပွဲတွင် ရဟတ်ယာဉ်ဖြင့် စစ်ကူလာချသည့် စစ်ကောင်စီ စစ်ကြောင်းမှ နောက်ထပ် စစ်သား ၂၀ ကို တိုက်ခိုက် ချေမှုန်းနိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA)က ဖေဖော်ဝါရီ ၂၆ ရက်နေ့ သတင်းထုတ်ပြန်သည်။

သို့အတွက် လက်ရှိအချိန်သည့် စစ်ကူလာသည့် အင်အား ၁၂၀ အထဲမှ ၈၀ ကျော် သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အထဲတွင် “ ရန်သူသည် ဤစစ်ကူစစ်ကြောင်းအား ရဟတ်ယာဉ် (၄) စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် (၃) စီးဖြင့်တစ်ခေါက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ရမ်းဗြဲမြို့အနီးတွင် လာရောက် စစ်ကူချပေးခဲ့ကြောင်း၊ ဤကဲ့သို့ စစ်ကူချပေးနေစဉ်အတွင်း ဂျက်တိုက်လေယာဉ်များဖြင့်

လမ်းကြောင်းရှင်း ကာကွယ်ပစ်ခတ် တိုက်ခိုက်ထားခဲ့ကြောင်း၊ ဖေဖော်ဝါရီ (၂၄/၂၅) နှစ်ရက် အတွင်း အဆိုပါစစ်ကူစစ်ကြောင်းမှ အင်အား (၆၀) ကျော်ကိုလည်းကောင်း၊ ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် အင်အား (၂၀) ကျော်ကို လည်းကောင်း မိမိတို့မှ ချေမှုန်းထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သုံးရက် အတွင်း အဆိုပါစစ်ကူ စစ်ကြောင်းမှ အင်အား (၈၀) ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီ ဖြစ်ကြောင်း” ဖော်ပြထားသည်။

ထိုသို့ AAက တိုက်ခိုက်ချေမှုန်းနေ၍ လက်ကျန် စစ်ကောင်စီတပ်သားများသည် ကစဉ့်ကလျား ထွက်ပြေးနေကြကြောင်း၊ ထိုသို့ ထွက်ပြေး လွတ်မြောက်နေသော အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လည်း ဆက်လက်ချေမှုန်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် လေကြောင်း (Y-12) မှ တစ်ဆင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ဖေဖော်ဝါရီလ (၂၆) ရက်၊ နေ့လည်ပိုင်းတွင် ရမ်းဗြဲမြို့အတွင်းရှိ ၎င်းတို့တပ်ဖွဲ့ဝင်များထံလာရောက်ချခဲ့သော်လည်း အဆိုပါ ပစ္စည်းများ ကို ရက္ခိုင့်တပ်တော်မှ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ရဟတ်ယာဉ်များဖြင့် စစ်ကူပေးပို့ခဲ့သော တပ်သားများမှာ စစ်ကောင်စီ၏ အနောက်တောင်တိုင်း စစ်ဌာန ချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့မှ ထုတ်နှုတ် ပူးပေါင်းစစ်ကူစစ်ကြောင်းဖြစ်ပြီး အများစုမှာ ချေမှုန်းခံထားရပြီဟု သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင်လည်း စစ်ကူ လက်ကျန်များအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကို ဆက်လက်ဖော်ပြရာ မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” ကို ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်မှာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ထိုးစစ်ကိုးရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ ပြီဖြစ်သည့်အလျောက် ရက္ခိုင့်တပ်တော်မှလည်း အဆိုပါလေ့ကျင့်ရေး သင်တန်းကျောင်း၏ အစိတ်အပိုင်းများစွာကို သိမ်းပိုက်ရယူ ထားရှိပြီးဖြစ်သည်ဟု ဖော်ပြသည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့် ကြိမ်ဖန်များစွာ မရပ်မနားခုခံ တိုက်ခိုက်နေသော်လည်း အဆိုပါ ကျောင်းအား သိမ်းပိုက်ရယူရေး အတွက် ရက္ခိုင့်တပ်တော်၊ အာရက္ခစစ်သည်တော်များမှ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်ဟု ဖော်ပြထားသည်။
နိရဉ္စရာက ရရှိသော သတင်းများအရ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း”ကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်က ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု သိရသည်။

၎င်းအပြင် ရက္ခိုင့်တပ်တော်သည် လက်နက်ချအညံ့မခံသေးသောစခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ “ခမရ (၅၅၀) တပ်ရင်းဌာနချုပ်” ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေသည်။

တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ (ဒုတိယနေ့အဖြစ်) ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ခမရ ( ၅၅၂) တပ်ရင်း” ကိုလည်း ရက္ခိုင့်တပ်တော်မှ (တတိယနေ့အဖြစ်) ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *