Congratulations မြဝတီ ရေ ထင်ထားတာထက် ပိုနေလို့

သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံးပြီး စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရရှိ၊ မြဝတီ ခလရ ၂၇၅ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံး

■ မြန်မာဘက်မှ တိုက်ပွဲများ ပြင်းထန်နေ၍ ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က လုံခြုံရေး အထူးတိုးမြှင့်ကင်းလှည့်

ရန်ကုန်၊ ဧပြီ ၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အစပ် သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တို့ကို ယနေ့ မွန်းလွဲပိုင်းတွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးဝန်းကျင်သေဆုံးကာ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

” သင်္ဃန်းညီနောင်ဗျူဟာနဲ့ ခမရ ၃၅၇ မှာ စစ်တပ်ဘက်နေ ၂+၁၆ သေဆုံးစာရင်းရှိပါတယ်။ လက်နက်ကြီးလက်နက်ငယ်တွေလည်း သိမ်းဆည်းရရှိတာများတယ်၊ စစ်သုံ့ပန်းအများအပြားရတယ်။ နယ်မြေရှင်းလင်းရေး ဆက်လုပ်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ မြဝတီမြို့နယ်၊ ခလရ ၂၇၅ ကိုလည်း KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝိုင်းဝန်း တိုက်ခိုက်လျက်ရှိရာ လတ်တလော တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ၊ စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးသည်ဟု စစ်ရေးဆိုင်ရာ ကြေးနန်းသတင်းများတွင် ဖော်ပြချက်ထားချက်အရ သိရှိရသည်။

“ခလရ ၂၇၅ မကျအောင်လည်း လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ အသည်းအသန် ခုခံနေတယ်။ အခုထက်ထိတော့ ခလရ ၂၇၅ ကို မရသေးပါဘူး။ ခလရ ၂၇၅ က မြဝတီ မြို့စောင့်တပ်ပါ” ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့အတူ ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ရေး ယနေ့ နံနက်ပိုင်းမှ မွန်းလွဲ ၁ နာရီအထိ ထိုးစစ်ဆင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီကလည်း စစ်ကူစစ်ကြောင်း ၄ ခုထက်မနည်း စေ လွှတ်ပြီး မြဝတီ၊ သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်နယ်မြေများတွင် အသာစီး ပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၊ မြဝတီဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ထိုင်း စစ်တပ်က ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်အခြမ်းတွင် စစ်အင်အားများ တိုးချဲ့၍ မြေပြင်နှင့် ဝေဟင် ကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း ထိုင်း သတင်းများ၏ ဖော်ပြချက်အရ သိရှိရသည်။

ဓာတ်ပုံ- ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ်တွင် စစ်အင်အားများတိုးချဲ့၍ ကင်းလှည့်နေစဉ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *