ရင်းမှူးက တေမာကြောက်လို့တဲ့ ဘန်ကာထဲကမထွက်ဘဲ အရက်တွေကြီး စွတ်သောက်နေတယ်

နမ့်ဖတ်ကာအ‌ခြေစိုက် ခလရ ၁၂၃ တပ်ရင်းမှူးကတုပ်ကျင်းထဲမှ လနှင့်ချီ၍မထွက်

အရက်အမြဲ‌သောက်ပြီး စိတ်ဂယောက်ချောက်ခြားဖြစ်နေဟု တပ်ရင်းနှင့်နီးစပ်သူများပြော

ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအ‌ခြေစိုက်​စစ်​ကောင်စီ ​ခြေလျင်တပ်ရင်း- ခလရ (၁၂၃) တပ်ရင်းမှူးသည် ကတုပ်ကျင်းထဲမှ မထွက်သည်မှာ နှစ်လ ခန့်ရှိပြီဖြစ်ပြီး အချိန်အများစု အရက်သောက်နေကာ စိတ်ဂယောက်ချောက်ခြားဖြစ်နေကြောင်း ယင်းတပ်ရင်းနှင့် နီးစပ်သူကပြောသည်

“ရင်းမှူး ကတုပ်ကျင်းထဲက မထွက်တာ တော်တော်ကြာပြီ။ နှစ်လလောက်ရှိပြီ။ အပေါ့အလေး ကိစ္စကလွဲလို့ မထွက်တော့ဘူး။ အရက်ကြီးပဲသောက်နေပြီး စိတ်လည်း ဂယောင်ချောက်ခြားဖြစ်နေတယ်။ ရွာထဲကို မီးခဏခဏ သွားရှို့ခိုင်းတယ်။ လက်နက်တိုက်ကိုတော့ အမြဲတစေ အစောင့်ထားတယ်”ဟု စိုက် ခလရ ၁၂၃ တပ်ရင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ခလရ ၁၂၃ တပ်ရင်းမှူး ဗိုလ်မှူးရဲကျော်၏ လတ်တလောအခြေအနေကို အထက်ပါ သတင်းရင်းမြစ်အပြင်အဆိုပါ တပ်ရင်းမှ အခြားတပ်ဖွဲ့ဝင်အချို့ ကလည်း ပြန်ပြောပြခြင်းဖြစ်သည်။

ဗိုလ်မှူးရဲကျော်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်လာလနှင့် ဒီဇင်ဘာလအတွင်းက ၎င်း၏ တပ်ရင်း မကြာခဏ တိုက်ခိုက်ခံနေရစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ရွာထဲသို့သွား၍ နေအိမ်များအားမီးရှို့ဖျက်ဆီးခိုင်းခဲ့သည်ဟု သိရသည်။

” ခဏခဏ ထွက်ရှို့ခိုင်းတာ။ ရဲဘော်တွေက ခဏခဏ‌ ဆို‌တော့ မရှို့ချင်တာရော၊ အပစ်ခံရမှာကြောက်တော့ လူမနေတဲ့ အိမ်တချို့ကို လိုက်ရှို့ပီ့း မီးခိုးထွက်တာကို ဓာတ်ပုံရိုက်ပြခဲ့ရတယ်” ဟု ကိုယ်တိုင် မီးရှို့ရန်စေခိုင်းခံရဖူးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်သည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်ရင်းအား စွန့်ခွာထွက်ပြေးခဲ့ပြီး ယခုအခါလွတ် မြောက်နယ်မြေတစ်နေရာသို့ရောက်ရှိနေသည်။

သို့​သော် စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်များတွင်မူ ဗိုလ်မှူး ရဲ​ကျော်ကို ချီးကျူး​နေကြသည်ကို​တွေ့ရသည်။

“ရှမ်းမြောက်မှာဘယ်သူမှသတိမထားမိတဲ့တပ်တစ်ခုရှိတယ်အဲ့ဒါက နမ့်ဖတ်ကာကျေးရွာအခြေစိုက် ခလရ ၁၂၃ တပ်ရင်းပါ လောက်ကိုင်ကွမ်လုံ တာမိုးညဲ နမ့်စလပ် ကွတ်ခိုင် သိန်နီ မှာရှိတဲ့တပ်တွေအတော်များများဆုတ်လိုက်ရတဲ့ အချိန်

ခုချိန်ထိ နမ်ဖတ်ကာ ၁၂၃ နဲ့ နမ့်ခမ်း မန်တပ် ၁၄၄ တပ်ရင်းတွေခုချိန်ထိ ကြံ့ကြံ့ခံစဲပါပဲ နမ်ဖတ်ကာတွင်ဒီကနေ့လည်းတိုက်ပွဲပြင်းထန်နေတယ်လို့သိရှိရပါတယ်”ဟု စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်လ်တစ်ခုက​ရေးသားထားသည်ကို​တွေ့ရသည်

၂၀၂၃ ခုနှစ်နှောင်းပိုင်းက ယင်းတပ်ရင်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အပြင် ကချင်အမျိုးသားလွတ်လပ်ရေးတော်မတော် KIA ကလည်း တိုက်ခိုက်ခဲ့သည်။

ထိုကာလ၌ ခလရ ၁၂၃ ထဲမှ လက် နက်ကြီးများဖြင့် လူနေရပ်ကွက်များအားပစ်ခတ်ခဲ့ရာ ဒေသခံ ငါဦးထက်မနည်းသေဆုံးခဲ့သည်။

ဇန်နဝါရီ ၇ ရက်တွင် ကွတ်ခိုင်မြို့ကို TNLA ကသိမ်းပိုက်ခဲ့သည်။ သို့​​သော်ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ်စခန်းအချို့ ကျန်​နေရာ ခလရ ၁၂၃ မှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *