ဒီထက်အကောင်ကြီးတာတွေကတော့ နေပူတော်မှာဘဲရှိတော့မယ်

ပလက်ဝရမြို့ရှိ ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်(အေအေ) သိမ်းပိုက်၊ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုး​​ဆွေကို ဖမ်းမိထား
ဧရာဝတီတိုင်းမ်

ဇန်နဝါရီ ၁၄ ရက်

ချင်းပြည်နယ်၊ ပလက်ဝရှိ စစ်​ကောင်စီတပ်၏ ဗျူဟာစခန်းဖြစ်​သည့် ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်​တော်(အေအေ) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး
စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုး​​ဆွေကို ဖမ်းမိထားကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

သိမ်းပိုက်နိုင်ခဲ့သည့် ခလရ ၂၈၉ ကို ရက္ခိုင့်တပ်​တော်(အေအေ) က ဇန်နဝါရီလ ၁ ရက်​နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်​ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်​နေ့က စခန်းကို အပြီးတိုင်သိမ်းဆည်းရမိခြင်းဖြစ်​ကြောင်း သိရသည်။

“စခန်းကို ဝင်စီးမိတာက​တော့ ၁၁ ရက်​နေ့ကတည်းကပဲ။ စခန်းထဲရှိတဲ့ စစ်​ကောင်စီအဖွဲ့​တွေအကုန် ကစဥ့်ကလျား ထွက်​ပြေးကြလို့ အခုလိုက်ဖမ်း​နေတယ်”ဟု ရက္ခိုင့်တပ်​တော်(အေအေ) စစ်​ရေးသတင်းရင်းမြစ်နှင့်နီးစပ်သူက​ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စခန်းသိမ်းတိုက်ပွဲ ပြုလုပ်​နေစဥ်အတွင်း စခန်းရှိ စစ်​ကောင်စီတပ်အင်အား ၂၀၀ ခန့်သည် စခန်းကိုစွန့်ခွာထွက်​ပြေးသွားပြီး တပ်မမှူးဖြစ်သူ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) ဗိုလ်မှူးချုပ် ဇင်မျိုး​​ဆွေကို ​ရေတံခွန်​တောင်အနီးတွင်ဖမ်းဆီးရမိခဲ့​ကြောင်း ရက္ခိုင့်တပ်​တော်(အေအေ) တပ်ဖွဲ့၏သတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အပြင် ခလရ ၂၈၉ တပ်ရင်းမှ ထွက်​ပြေးသွားကြ​​သူများအနက် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးနှင့် ဗျူဟာမှူးဖြစ်သူတို့ကို မီး​ချောင်း၊ စင်လီအနီးတွင် ဇန်နဝါရီလ ၁၂ ရက်​နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်​ကောင်စီဘက်မှ ​သေဆုံးထိခိုက်မှုများပြားပြီး စခန်းစွန့်ခွာ ထွက်​ပြေးသွားကြသည့်အတွက် ထွက်​ပြေးသွားသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်(အေအေ)က လိုက်လံဖမ်းဆီးလျှက်ရှိ​ကြောင်း သိရသည်။

ပလက်ဝတွင် အဓိကဗျူဟာကျသည့် ခလရ ၂၈၉နှင့် မီးဝဗျူဟာကုန်းတို့ကို ရက္ခိုင့်တပ်တော်(အေအေ) က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ယခု ခလရ ၂၈၉ ကိုသိမ်းပိုက်နိုင်ခဲ့သည့်အတွက် မီးဝဗျူဟာကုန်းသာကျန်ရှိ​တော့ပြီး ၎င်းမီးဝဗျူဟာကုန်းကျပါက ပလက်ဝသည် စစ်​ကောင်စီကင်းစင်နယ်​မြေဖြစ်​တော့မည် ဖြစ်​ကြောင်း သိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *