မိုးမိတ်မြို့နှင့် ၄မိုင်အကွာ ရောက်လို့လာ

မိုးမိတ်မြို့နှင့် ၄မိုင်အကွာတွင် တိုက်ပွဲပြင်းထန်နေ

နန်းနောင့်နောင့်/People’s Spring

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နှင့် (၄)မိုင်ခန့်ဝေးသော မန်ဖွယ်ကျေးရွာ၌ ယနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

“တိုက်ပွဲကမြို့နဲ့နီးနေပြီ။ လေးမိုင်အကွာလောက်မှာ ချနေတာ။ စစ်တပ်က လေကြောင်းကနေလာပစ်လို့ ဒေသခံနေအိမ်တွေ ထိခိုက်မှုတွေရှိနေတယ်။ ဒေသခံတွေလည်းတိမ်းရှောင်နေကြရပြီ”ဟု မိုးမိတ်မြို့ မန်ဖွယ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်

မန်ဖွယ်ကျေးရွာဘက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလိမ့်မည်ဟူသောသတင်းများက ယနေ့ (ဇန်နဝါရီ ၉ရက်) နံနက်အစောပိုင်းကတည်းကထွက်ပေါ်ခဲ့သည်။


ထို့နောက် ‌နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီက နေ့လယ် ၁နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မန်ဖွယ်ရွာသည် လယ်ကြီးကျေးရွာအုပ်စု၌ ပါဝင်သည်။ လည်ကြီးကျေးရွာမှ စစ်ကောင်စီစခန်းအချို့ကို ၂၀၂၃ အောက်တိုဘာအတွင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့်ပူးပေါင်းတက်များက တိုက်ခိုက်ခဲ့ဖူးသည်။

“စစ်ရေးက ဆက်တင်းမာလာနိုင်လို့ နီးစပ်ရာကို ရှောင်နေကြပါပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ(၂၂၃)မှ တပ်ဖွဲ့ဝင်များ၏ အခြေချတပ်စွဲထားသည့် မိုးမိတ်မြို့နယ်ရှိ ဆင်ကင်(ကျန် ကန်) တပ်စခန်းကို ဇန်နဝါရီ ၅ရက်တွင် TNLAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆင်ကင်တပ်စခန်းအား တိုက်ခိုက်နေစဉ် စစ်ကောင်စီက မိုးမိတ် တပ်စခန်းမှ လက်နက်ကြီးဖြင့် ၁၇ကြိမ်နှင့် လေကြောင်းမှ Jet Fighterဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်စဉ် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့ ညနေအထိ ဖြစ်ပွားနေသည့် မန်ဖွယ်ရွာတိုက်ပွဲအခြေအနေကို အသေးစိတ်မသိရှိရသေးပေ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *