အုပ်စုလိုက်ကြီးပါလားဝေ့ ဆေ့လိုက်ပြီ

မြင်းချင်းပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲ စစ်အုပ်စု သုံးဦးသေ၊ ပျူစောထီး ၆၀ အရှင်ဖမ်းမိ

People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ မြင်းချင်းပျူစောထီးကျေးရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး သေနတ် ၆လက် သိမ်းဆည်းနိုင်ခဲ့ကာ ပျူစောထီးအဖွဲ့ဝင် ၆၀ အရှင်ဖမ်းဆီးရမိကြောင်း ရွှေဘိုခရိုင်အမှတ် (၁၈)တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၄ ရက် နံနက် ၃ နာရီခန့်က ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးကျေးရွာကို ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်း(၄ )ရင်းနှင့် တပ်ခွဲ၆ ခုတို့က ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်၏ ရဲများနှင့် ပျူစောထီးများပူးပေါင်းတပ်စွဲထားသော ကင်း နှစ်ကင်းနှင့် ဘန်ကာကို ၁ နာရီခန့်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။

စစ်ကောင်စီတပ်သားများ စခန်းချနေသော စာသင်ကျောင်းကို နံနက် ၅ နာရီခန့်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံတော်ကို လွှင့်ထူနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ဇီးကုန်းပျူရွာမှ (၈၁) မမ ရှစ်ချက်ခန့်နှင့် RPG -၂ ချက် ပစ်ကူခဲ့ကြောင်း သိရသည်။

ပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်က ကျေးရွာနေ ပြည်သူများကို မတရားဖိနှိပ် ဆက်ကြေးကောက်ခြင်း၊ ပျူစောထီးလက်နက်ကိုင်အဖြစ် အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ပြည်သူများ၏တိုင်ကြားချက်အရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၈)တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် ရဲ တစ်ဦး၊ ပျူစောထီး နှစ်ဦး သေဆုံးပြီး ၉လုံးကျည်သုံး တစ်လုံးထိုးသေနတ် ၅ လက်၊ ကာဘိုင် တစ်လက် စုစုပေါင်း ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၁၈)တပ်ရင်းက အသိပေးသည်။

ထို့အပြင် ပျူစောထီးအဖွဲ့ဝင် အမျိုးသား ၂၉ နှင့် အမျိုးသမီး ၃၁ ဦးတို့ကို အရှင်ဖမ်းဆီးရမိပြီး ၎င်းတို့အား စစ်သုံ့ပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းထားကြောင်း ရွှေဘိုခရိုင်အမှတ်၁၈တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲကြာချိန် ၂ နာရီခွဲခန့် အတွင်း ပျူရွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပျူတချို့က ထွက်ပြေးလွတ်မြောက်သွားတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အတင်းအဓမ္မ ပျူအဖြစ်စုဆောင်းခံရသူများနှင့် သာမန်အရပ်သားများကို စနစ်တကျ စိစစ်ခွဲခြား၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း သိရသည်။

“ဘေးနားက ပျူရွာတွေလည်းရှိတော့ လက်နက်ကြီး ပစ်ကူတွေအများကြီးလာတယ်။ စခန်းတွေဘန်ကာတွေတော့ ဖျက်ဆီးခဲ့တယ်။ ဆုတ်သွားတဲ့သူတွေကဇီးကုန်းပျူရွာကို ဆုတ်သွားတယ်။”ဟု ရွှေဘိုခရိုင် တပ်ရင်း(၁၇) တောကြီးမြွေပွေးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း တောကြီးမြွေပွေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးကို ရွှေဘိုခရိုင်အမှတ် – ၂၆ တပ်ရင်း (MDF – Shwebo)၊ ရွှေဘိုခရိုင်အမှတ် – ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ် – ၁၇ တပ်ရင်းနှင့် ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း၊ တပ်ခွဲ (၁) ကြောင်လက်သည်း၊ တပ်ခွဲ (၂) ဝက်လက်မင်းသားကြီး၊ တပ်ခွဲ(၃) FingersThree၊ တပ်ခွဲ(၄)ကျားလေး၊ တပ်ခွဲ(၅)ဒေါင်းမင်းသား၊

တပ်ခွဲ (၆)ဝက်လက်မီးတောက်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နယ်မြေခံ ပကဖများကလည်း စစ်တပ်၏ ထောက်ပို့လမ်းကြောင်းအား ပိတ်ဆို့ဖြတ်တောက်ရေးတာဝန်ယူကာ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

မြင်းချင်းပျူစောထီးကျေးရွာသည် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်စွဲထားပြီး ပျူအင်အားကောင်းသည့်ရွာတစ်ရွာဖြစ်ကာ ဒေသတွင်း PDFများနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ဖူးသည်။
မြင်းချင်းပျူရွာအား တိုကိခိုက်သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိသော ပျူစောထီးအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင် တပ်ရင်း (၁၈)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *