1027 အောင်ပွဲရဲ့ လှိုင်းများ မင်္ဂလာသတင်းကောင်းဘဲ

၁၀၂၇စစ်ဆင်‌ရေးစတင်ပြီးနောက် နွားထိုးကြီးတွင် စစ်တပ် စစ်ကြောင်းမထိုးရဲတော့ဟုဆို

၁၀၂၇စစ်ဆင်ရေး စတင်‌ပြီးနောက် နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းမထိုးရဲ တော့ကြောင်းသိရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းမထိုးတော့သည်မှာ ၂လကျော်ကြာပြီဖြစ် ကြောင်း နွားထိုးကြီးမြို့နယ်ပကဖထံက သိရသည်။
“စစ်ကြောင်း ထွက်လာပြီဆိုကတည်းက ကျနော်တို့က ကြားထဲကနေဖြတ်လုပ်တာကိုး။ ဝင်လာရင်လည်း ၂ည၊ ၃ညကိုမအိပ်ရဲဘူး။ တစ်ညလောက်အိပ်ပြီးပြန်ထွက်သွားတယ်။ ခုဆို စစ်ကြောင်းမထိုးတော့တာကို ၂လကျော်ပြီ” ဟု နွားထိုးကြီးမြို့နယ်ပကဖ ဒုတာဝန်ခံက ပြောသည်။

ယင်းသို့ စစ်ကြောင်းမထိုးတော့ခြင်းမှာ စစ်သားအင်အား လျော့နည်းသွားခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

“ဘယ်ကပျူတွေမှန်းတော့မသိဘူး။ စစ်သားအစစ်မဟုတ်ဘူး။ ပျူတွေများတယ်။ ကျနော်တို့ နယ်မြေထဲမှာတော့လှုပ်ရှားတာဆိုရင် ခုနကကျနော်ပြောတဲ့ မြင်းခြံ-နွားထိုးလမ်းပိုင်းပေါ်ပဲရွေ့တယ်။ အဲ့တာတောင်သူတို့ကားနဲ့ ရွေ့တာ” ဟု ၎င်းကပြောသည်။

နွားထိုးကြီးမြို့နယ်ထဲရှိ ဝက်လူးရဲစခန်း၊ ကန္နားရဲစခန်း၊ လက်ဝဲရဲခန်းနှင့် မြို့မရဲစခန်းတို့တွင်စစ် သားနှင့်ရဲစုစုပေါင်း အင်အား ၃၀ဝန်းကျင်စီဖြင့် အထိုင်ချတပ်စွဲထားပြီး မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းရှိ စစ်သားများမှာလမ်းပိုင်းတစ်လျှောက် တစ်နေရာတည်းတွင် အထိုင်မချဘဲ အမြဲရွေ့လျားနေကြောင်း၎င်းကပြောသည်။

“စခန်းအတွင်းမှာပဲ ဘန်ကာတို့ ကတုတ်ကျင်းတို့နဲ့ပဲနေကြတာ။ ရိက္ခာပို့တာမျိုးမရှိဘူး။ ရွာထဲကနေပဲဝယ်တယ်။ ကြက်တွေလိုက်ပစ်တယ်။ ဆန်တောင်းတယ်။ ဆီတောင်းတယ်။ ရွာတွေထဲကနေပဲ ရိက္ခာယူတာ။ မြင်းခြံ-နွားထိုးလမ်းပိုင်းမှာ နေတဲ့ကောင်တွေကပဲ လမ်းပိုင်းတစ်လျှောက်ကရွာတွေကို ရွေ့နေတာ ” ဟု ၎င်းကဆက်ပြောသည်။

နွားထိုးကြီးမြို့ပေါ်တွင် အင်အား ၁၅ယောက်ပါ ကားတစ်စီးဖြင့် အမြဲလိုလိုကင်းပတ်လေ့ရှိပြီး မြို့ပြင်ကိုလုံးဝမထွက်ရဲကြောင်း မြို့ခံတစ်ဦးကပြောသည်။
“မြို့အနောက်ဘက်ခြမ်းမှာ မြင်းခြံ-နွားထိုးလမ်းရှိတယ်။ အဲ့လမ်းပေါ်မှာ သူတို့လူတွေရှိနေတာဆိုတော့ ဒီအတိုင်းထားထားတယ်။ တောင်ဘက်ခြမ်းကိုတော့ လုံးဝမထွက်ဘူး။ အရပ်ဝတ်နဲ့ပဲသွားလာလှုပ်ရှားနေကြတယ်။ စခန်းထဲပဲနေကြတာများတယ်” ဟု ၎င်းကပြောသည်။

မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ် ရွေ့လျားနေသော စစ်သားအင်အားကိုမူ မခန့်မှန်းနိုင်ကြောင်း နွားထိုးကြီးပကဖ ဒုတာဝန်ခံကပြောသည်။
နွားထိုးကြီးမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ခန့်ရှိပြီး ပျူစောထီးကျေးရွာမရှိကြောင်းသိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *