“ဝယ်သူကိုယ်တိုင် မှတ်ပုံတင်ထားတဲ့ သိန်း(၁၅၀) တန် ဆင်းကတ်ကို ဘလိုင်းကြီး ပိတ်ချလိုက်တဲ့ တယ်လီနော(Atom)ရဲ့ ဆင်းကတ်အရှုပ်တော်ပုံ”

“ဝယ်သူကိုယ်တိုင် မှတ်ပုံတင်ထားတဲ့ သိန်း(၁၅၀) တန် ဆင်းကတ်ကို ဘလိုင်းကြီး ပိတ်ချလိုက်တဲ့ တယ်လီနော(Atom)ရဲ့ ဆင်းကတ်အရှုပ်တော်ပုံ”


ကိုခိုင်ဇော် သုံးစွဲနေသည့် ၀၉၇၇၇၇၇—- နံပါတ်အစ ဖုန်းကတ်သည် ပြီးခဲ့သည့် အောက်တိုဘာ၁၇ရက်က ရုတ်တရက် လိုင်းပိတ်သွားသည်။ သူ့အနေဖြင့် ထိုဆင်းကတ်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် တရားဝင်မှတ်ပုံတင်ထား၍ သုံးစွဲနေခြင်းဖြစ်သောကြောင့် လိုင်းပိတ်ခံရသည့်အပေါ် စိတ်ထဲဇဝေဇဝါဖြစ်သွားရသည်။

သက်ဆိုင်ရာမိုဘိုင်းဖုန်းအော်ပရေတာ၏ မန္တလေးရုံးသို့ သွားရောက်စုံစမ်းသည့်အခါ တာဝန်ကျဝန်ထမ်းအမျိုးသမီးက နောက်ရက်ကျ လိုင်းပြန်ပွင့်ပါလိမ့်မည်ဟုသာ ဖြေကြားခဲ့သည်။

သို့ရာတွင် ဖုန်းလိုင်းပြန်ပွင့်ခြင်းမရှိသောကြောင့် အော်ပရေတာကုမ္ပဏီ၏ Call Center မှအစပြု၍ မန်နေဂျာရာထူးအဆင့်ရှိသူများအထိပင် တွေ့ဆုံရှင်းပြသော်လည်း အကြောင်းမထူးခဲ့ပေ။

ကုမ္ပဏီဘက်က ကို‌ခိုင်ဇော်၏ ဖုန်းနံပါတ်သည် လေလံနံပါတ်အလှဖြစ်သောကြောင့် လေလံအောင်စာရွက်ကို ပြသနိုင်မှသာ ဖုန်းကတ်ပြန်ရနိုင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ကိုခိုင်ဇော်သည် အဆိုပါဖုန်းကတ်ကို လွန်ခဲ့သော၈လခန့်က ငွေကျပ်သိန်း၁၅၀နှင့်ဝယ်ယူကာ အမည်ပေါက်ကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် တရားဝင် ပြောင်းလဲမှတ်ပုံတင်၍ လုပ်ငန်းသုံးအဖြစ် သုံးစွဲနေခြင်းဖြစ်သည်။

သူနှစ်သက်သည့်နံပါတ်ဖြစ်သည့်အတွက် လွန်ခဲ့သော တလကျော်က ငွေကျပ်သိန်း၅၀၀ပေး၍ လာဝယ်သူရှိသော်လည်း မရောင်းခဲ့ပေ။

ကိုခိုင်ဇော်အနေဖြင့် အော်ပရေတာကုမ္ပဏီ၏လုပ်ရပ်သည် တရားမျှတမှုမရှိဟု ခံပြင်းယူဆမိသောကြောင့် သူ၏ လူမှုကွန်ရက်မှတဆင့် Live လွှင့်သည်။ သူလိုပင် အဆိုပါအော်ပရေတာကုမ္ပဏီ၏ ဖုန်းကတ်ကိုသုံးစွဲရင်း နစ်နာမှုများကြုံတွေ့ခဲ့ရသည့် ဘဝတူများကို နိုဝင်ဘာ၁၂ရက် နေ့လယ်ပိုင်းက မန္တလေးမြို့တွင် တွေ့ဆုံရင်း အတွေ့အကြုံများ ဝေမျှကြသည်။

ယခုဖြစ်ရပ်အပေါ် အကြံတောင်းကာ မည်သို့ဆက်လုပ်သင့်သည်ကို ဆွေးနွေးတိုင်ပင်ကြသည်။ ထိုတွေ့ဆုံပွဲကို မန္တလေးမြို့ခံ သတင်းမီဒီယာများလည်း တက်ရောက်နားထောင်ခဲ့ကြသည်။

“ဖုန်းကတ်က အနည်းဆုံး လူ၄/၅ယောက်လောက်ဆီကို အဆင့်ဆင့်ပြောင်းလာခဲ့တော့ လေလံအောင်စာရွက်ကတော့ ကျနော့်ဆီမှာ ဘယ်ရှိပါ့မလဲဗျာ။ အရင်လူဆီကနေ ပြန်ဝယ်ထားတဲ့စာချုပ်တော့ ရှိတာပေါ့။ အခုဟာက ဖုန်းကတ်ကိုမှတ်ပုံတင်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကိုလည်း ပြနိုင်သလို ခေါ်ဆိုမှုများတဲ့ ဖုန်းကော်လ်တွေ၊ နောက်ဆုံးဖြည့်ခဲ့တဲ့ဘီလ်ကို အတိအကျပြောနိုင်တာတောင် ဖုန်းကတ်ကိုပြန်မရတော့တာပါ။

ဖုန်းကတ်က တန်ဖိုးကြီးနံပါတ်မို့ ပြန်လိုချင်တာမဟုတ်ဘူး။ မရလည်း ကျနော့်အနေအထားနဲ့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ကျနော်သာ ငြိမ်ခံလိုက်ရင် တခြားသူတွေလည်း ကိုယ်လိုခံစားရမှာစိုးလို့ ရှေ့ဆောင်လုပ်ပြတာ”ဟု ဆိုသည်။

ယခုအခါ ကိုခိုင်ဇော်တယောက် သူ၏နစ်နာမှုများအပေါ် တရားမျှတစွာ ဖြေရှင်း‌ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားတင်ပြတော့မည်ဖြစ်သည်။

ကိုခိုင်ဇော်၏ Live များကို ကြည့်ရှုလိုပါက Profile Link မှာ https://www.facebook.com/profile.php?id=100024830072156 ဖြစ်သည်။

#မန္တလေးသတင်းကွန်ရက်

crd

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *