“အိမ်နောက်ဖေးမှာ ရေတွင်းတူရင်း အမှတ်မထင် ကမ္ဘာ့အကြီးမားဆုံးသော နီလာတုံးကြီးကို တွေ့ရှိခဲ့တဲ့အမျိုးသား…”

“အိမ်နောက်ဖေးမှာ ရေတွင်းတူရင်း အမှတ်မထင် ကမ္ဘာ့အကြီးမားဆုံးသော နီလာတုံးကြီးကို တွေ့ရှိခဲ့တဲ့အမျိုးသား…”


သီရိလင်္ကာ နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး နီလာစိုင်ကြီး တခုကို အိမ်နောက်ဖေးမှာ မမျှော်လင့်ဘဲ တူးဖော်ရရှိခဲ့တယ်လို့ အာဏာပိုင်တွေ ပြောပါတယ်။

သီရိလင်္ကာ နိုင်ငံရဲ့ ကျောက်မျက်ထွက်ရှိရာ ဒေသဖြစ်တဲ့ ရတနာပူရ ဒေသက အိမ်တအိမ်မှာ ရေတွင်းတူးရင်းက တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီ နီလာကြီးဟာ အပြာနုရောင်ရှိပြီး နိုင်ငံတကာ ကျောက်မျက် စျေးကွက်မှာ ဒေါ်လာသန်း ၁၀၀ လောက်အထိ စျေးရနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

နီလာ အစိုင်အခဲကြီး ဖြစ်ပြီး အလေးချိန်အားဖြင့် ၅၁၀ ကီလိုဂရမ်၊ ကာရက်ချိန်နဲ့ ဆိုရင် ၂.၅ သန်းလောက် ရှိပါတယ်။ အဲဒီနီလာကြီးကို Serendipity Sapphire ပါရမီထူးတဲ့ နီလာ လို့ အမည်ပေးထားပါတယ်။

ကျောက်ပိုင်ရှင် Mr Gamage ကတော့ သူ့ခြံထဲမှာ ရေတွင်းတူးနေတဲ့ လူက ရှားပါးကျောက်တွေ တွေ့နေရတယ်လို့ ပြောလာတဲ့ အကြောင်း၊ အဲဒီနောက်မှာ ဒီ ကျောက်ကြီးကို ရတာပဲလို့ ပြောပါတယ်။ သူ့နာမည် အပြည့်အစုံနဲ့ နေရာ ကိုတော့ လုံခြုံရေးအတွက် ကျောက်ပိုင်ရှင်က မပြောပါဘူး။

Mr Gamage ဟာ တတိယ မျိုးဆက်ကျောက်ကုန်သည် တယောက်ဖြစ်ပြီး သူကျောက်ကြီး ရတဲ့ အကြောင်းကို အာဏာပိုင်တွေကိုလည်း အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီကျောက်ကြီးကို ရွှံ့တွေ မြေတွေ ဆေးကြော အနာအဆာ ရှာပြီး အကဲဖြတ် သတ်မှတ်ပေးဖို့တော့ အချိန်အားဖြင့် တနှစ်ကျော် ကြာခဲ့ပါတယ်။

ဒီလို ဆေးကြောသန့်စင် နေကြစဥ် အတွင်းမှာပဲ ကျောက်စိုင်ခဲတွေထဲက ကျောက်အသေးလေးတွေ ပဲ့ကျလာခဲ့ကြောင်းနဲ့ ဒီကျောက်တွေဟာ အရည်ကောင်းတဲ့ နီလာဂေါ်ကြိုး တွေ ဖြစ်ကြောင်း ပြောပါတယ်။

ဆင်ဟာလာ ဘာသာစကားအရ ရတနာတို့ရဲ့ မြို့တော်လို့ အဓိပ္ပါယ် ရတဲ့ ရတနာပူရ ဟာ မြန်မာနိုင်ငံက မိုးကုတ်မြို့လိုပဲ သီရိလင်္ကာ နိုင်ငံရဲ့ ကျောက်မျက်မြို့တော် ဖြစ်ပါတယ်။ ရတနာပူရမှာ အရင်ကလည်း တန်ဖိုးကြီးတဲ့ ရတနာတွေ တူးဖော်ရရှိခဲ့ဖူးပါတယ်။

သီရိလင်္ကာ နိုင်ငံဟာ ကမ္ဘာပေါ်မှာ နီလာနဲ့ တခြား တန်ဖိုးကြီး ရတနာတွေကို အကြီးအကျယ်တင်ပို့ ရောင်းချနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ နှစ်က ဆိုရင် ရတနာ တင်ပို့ ရောင်းချမှုတွေ၊ စိန်နဲ့ လက်ဝတ်ရတနာ ရောင်းချမှုတွေကနေ ဒေါ်လာ သန်း ၅၀၀ လောက် ဝင်ငွေ ရှာနိုင်ခဲ့ပါတယ်။

ဒီနီလာကြီးနဲ့ ပတ်သက်လို့ နာမည်ကျော် ကျောက်မျက်ပညာရှင် Dr Gamini Zoysa က ဒီလောက်ကြီးမားတာမျိုး တခါမှ မတွေ့ခဲ့ဘူးကြောင်းနဲ့ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၄၀၀ လောက် ကတည်းက ဖြစ်တည်ခဲ့တာ ဖြစ်နိုင်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီကျောက်စိုင်ကြီးက ကာရက်ချိန် တန်ဖိုးမြင့်တယ် ဆိုပေမယ့် အထဲမှာ ပါတဲ့ ကျောက်တိုင်းက အရည်ကောင်းချင်မှ ကောင်းမှာလို့ ဆိုကြပါတယ်။

သီရိလင်္ကာ ရတနာ လုပ်ငန်းတွေမှာ ကပ်ရောဂါ ကူးစက်မှုတွေနဲ့ လော့ခ်ဒေါင်းတွေကြောင့် ဆုံးရှုံး နစ်နာမှုတွေနဲ့ ကြုံနေရချိန်မှာ အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ ကျောက်ကြီးကို နိုင်ငံတကာက ခုထက်ထိ ကျောက်မျက် ကျွမ်းကျင်သူတွေနဲ့ လေ့လာ အကဲဖြတ် အတည်ပြုတာတွေ မလုပ်ရသေးပေမယ့် ဒီကျောက်ကြီးကြောင့် နိုင်ငံတကာက အဝယ်တော်တွေနဲ့ ကျွမ်းကျင်သူတွေကို စွဲဆောင်နိုင်လိမ့်မယ်လို့လည်း ပြည်တွင်း လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

သီရိလင်္ကာ အမျိုးသား ကျောက်မျက်နဲ့ လက်ဝတ်ရတနာ လုပ်ငန်းဆိုင်ရာ အာဏာပိုင် အဖွဲ့ ဥက္ကဌ Thilak Weerasinghe က ဒီကျောက်ကြီးဟာ အရည်ကောင်းတဲ့ နီလာဂေါ်ကြိုးမျိုး ဖြစ်ပြီး သူ့အရွယ်အစားနဲ့ ဆိုရင် ကမ္ဘာ့အကြီးဆုံး ဖြစ်နိုင်ကြောင်း၊ ရတနာ စုတဲ့လူတွေ ပြတိုက်တွေက ဆွဲဆောင် နိုင်လိမ့်မယ်လို့ ထင်ကြောင်းပြောပါတယ်။

copy from BBC

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *