“အသက်ဆုံးခဲ့ရတဲ့ တမာရွက် နှင့် ကြက်ဥပြုတ် ဇာတ်လမ်းလေး”

“အသက်ဆုံးခဲ့ရတဲ့ တမာရွက် နှင့် ကြက်ဥပြုတ် ဇာတ်လမ်းလေး”

စလင်းမြို့၏ ရာဟုထောင့်တွင် ဇာသီလှဟုခေါ်သော သုသာန်ကြီးတစ်ခု ရှိပါ၏။ ရှေးမြန်မာမင်းများလက်ထက်ကပင် နှစ်ပေါင်းများစွာ သုသာန်အဖြစ် အသုံးပြုလာခဲ့ကြသဖြင့် ဤသင်္ချိုင်းမြေအောက်တွင် လူ့သမိုင်းပေါင်းများစွာကို မြှုတ်နှံသင်္ဂြိုလ် ထားပြီးလည်းဖြစ်ပါသည်။

ဤနေရာသည်ကား… မြေပုံများ အုတ်ဂူများ လူ့အရိုးအစအနများ သာရဏဂုံတင်ရန် ဇရပ်အိုများစသည့် အနိဌာရုံများရှိနေပြီး လူ့ဘဝခရီး၏ အဆုံးသတ်ရာမှတ်တိုင် တစ်ခုလည်းဖြစ်နေသဖြင့် လူအများ၏ မနှစ်မြို့သော မလိုလားသောနေရာတစ်ခုသာဖြစ်သည်။

ဤနေရာကို မည်သူကမျှ မည်သည့်နည်းနှင့်မှ မသွားလာချင်ကြသော်လည်း… ဆွေမျိုးမိတ်ဆွေ တစ်ဦးတစ်ယောက် ဆုံးပါးလျှင်တော့ မဖြစ်မနေလိုက်လံပို့ဆောင်ရင်း ရောက်ကြရသည်သာပင် ဖြစ်ပါသည်။

ယခုလည်း အသိမိတ်ဆွေတစ်ဦးဖြစ်သူ ဦးခင်ညို ဆုံးသဖြင့် လိုက်လံပို့ဆောင်ရင်း ရောက်ခဲ့ရပြန်ပါ၏။

🗣️ ကျုပ်ကိုသတ်ကြပါ ကိုညို ကျုပ်ကြောင့်သေရတာပါ ကျုပ်ကိုခွင့်မလွှတ်ကြပါနဲ့

ဦးညွန့်တစ်ယောက် သူဝတ်နေကျဘေထုပ်ထဲက သိုးမွေးရောင်စုံကုတ်အင်္ကျီကြီးကိုဝတ်လျှက် ဦးခင်ညို ကိုမြှုတ်နှံမည့်အုတ်ဂူ အနားတွင် အော်ဟစ်ငိုယိုနေလေ၏။

🗣️ လူတွေ အတော်ဆိုးတယ်ဗျာ

🗣️ လူ့အသက်တစ်ချောင်း ကို ကစားစရာမှတ်နေသလားဗျာ

🗣️ သေလောက်အောင်အထိတော့ ဒီလို မစသင့်ဘူး လေ

 

🗣️ လင်ကိုယ်မယားနှစ်ယောက်ထဲရှိကြတာ ဒေါ်သိန်းတင်တော့ သနားပါတယ်

🗣️ အေးဗျာ သေတဲ့လူလည်းသေသွားရှာပြီနောက်နောင် ဒီလိုအဖြစ်မျိုး မဖြစ်အောင်သာ နှုတ်စောင့်စည်းကြရင်ကောင်းမယ်

🗣️ဦးတက်ဖြိုး‌က ကိုခင်ညို နဲ့ မခင်စိန် မောင်နှမနှစ်ယောက်ပဲ မွေးခဲ့တာလားလို့

*ဤသည်တို့သည်ကား ၁၉၈၅ ဝန်းကျင်ခန့်က ဇာသီလှ သင်္ချိုင်းမှ ဦးခင်ညို၏ အသုဘ, ပို့ပြီး ပြန်လာသူများထံမှ ထွက်ပေါ်လာသော စကားသံ အချို့ပင်ဖြစ်ပါသည်။

ခြင်းသမားဆိုသည် ခြင်းခတ်ခြင်းကို မက်မက်စက်စက်ခုံမင်ကြပါ၏။

သူတို့သည် နေ့စဉ် “ခြင်း” မခတ်ရလျှင် မနေနိုင်ကြသူများပင်ဖြစ်ကြသည်။

ကျွန်တော်၏သူငယ်ချင်းမန္တလေးလှိုင်းသစ်ဟော်တယ်, ပိုင်ရှင် ကိုဌေးဝင်းတစ်ယောက် မန္တလေးမှာနေ၏။ တစ်ခါတရံ ရန်ကုန်သို့ ကိစ္စရှိလို့လာလျှင် ညနေခြင်းခတ်ချိန်ရောက်သည်နှင့် ခြင်းဝိုင်းကို လည်ရှာကာ သွားခတ်ပါတော့သည်။

သူက “တစ်နေ့ မခတ်ရရင် မနေနိုင်ဘူးကွ” ဟု ဆိုပါသည်။

စလင်းမြို့ ကူဖြူရွာက ပန်းတမော့ ဆရာကြီး ဦးလှကြည်ကလည်း ဤသို့ ပြောဘူး၏။ ကျုပ်ဘဝမှာ ခွေးကိုက်ခံမှာ အကြောက်ဆုံးပဲ ဟု ဆို၏

ဘာ ဖြစ်လို့ပါလိမ့် ဟုကျွန်တော် မေးသည့်အခါ…

ဦးလှကြည်က…ညနေ ခြင်းခတ်ချိန်မှာ မခတ်နိုင်မှာ စိုးလို့ ဟု ဖွဖေူးပါ၏။

ထိုမျှ စွဲလန်းစရာကောင်းသော ခြင်းခတ်ခြင်းအားကစားသည်ကား အဘယ်မျှလောက် ကောင်းနေလို့ပါနည်း။

ကျွန်တော် စိတ်ဝင်စားမိ လာပါတော့သည်။စလင်းမြို မြူနီစီပါယ်ရုံးဝန်းအတွင်းရှိ ညောင်ပင်ကြီးအောက် မြေတလင်းတွင် နေ့စဉ် ညနေတိုင်း ခြင်းဝိုင်းရှိပါသည်။

ထိုခြင်းဝိုင်းတွင် ဦးခင်ညို (စက်ဘီးပြင်ဆိုင်)

ဦးညွန့် (ဆိုက္ကား)

ဦးမိုး (ပေါင်းပင်ဇင်းရပ်)

ကိုရီ (ရွှေကြာငုံရပ်)

ကိုခင်မောင်ဝင်း (ဘက်ထရီပြင်ဆိုင်)

ကိုမြင့်လွင် (ရန်ကုန်နာရီပြင်ဆိုင်) နှင့်

ကိုလှမြင့် (အထည်ဆိုင်) တို့က

ပင်တိုင် ခြင်းသမားများဖြစ်ကြ၏။

မန္တလေးမြို့တွင် နှစ်စဉ် ဝါဆိုခြင်းပွဲကြီးကား အလွန်စည်ကားလှပါ၏။

ခြင်းအလှခတ်နှင့်အမှတ်ပေး ဝိုင်းခတ်ပြိုင်ပွဲများကို နှစ်စဉ်နှစ်တိုင်း မဟာမြတ်မုနိဘုရားကြီး ဝန်းအတွင်းတွင် ကျင်းပကြသည်။ အနယ်နယ်အရပ်ရပ်မှ ခြင်းပညာရှင်များ ခြင်းသမားများကို ဖိတ်ခေါ်၍ အလှပြနှင့် ပြိုင်ပွဲများကျင်းပပေး၏။ ဤစလင်းခြင်းအဖွဲ့သည်လည်း “ဝါဆိုခြင်းပွဲ ဝင်” အဖွဲ့ တစ်ဖွဲ့ဖြစ်ပါသည်။

တစ်ညနေ ခြင်းဝိုင်းတွင် လူမစုံသဖြင့် ဧည့်သည်ခြင်းသမား ကိုဖိုးဌေး တစ်ယောက် ဝင်ဖြည့်ပြီးခတ်ကစားနေကြ၏။

ဦးခင်ညို မလာတာဖြစ်၏။အတန်ကြာတော့ ဦးခင်ညိုတစ်ယောက် တောင်ဝှေးကိုထောက်လျှက် ဖြေးဖြေးခြင်းလမ်းလျှောက်ကာ ပေါက်ချလာတော့သည်။

🗣️ တောင်ဝှေးကြီးနဲ့ ဘာဖြစ်လို့လဲ ကိုခင်ညို ဟု ဦးမိုးကနှုတ်ဆက်၏။

🗣️ ဘာအဆင်မသင့်တာလဲ မသိပါဘူးဗျာ မနေ့ကတည်းက ခါးနာတာ ခုတော့ တော်တော်နာလာပြီး ဒီနေ့ တော့ ခြင်းမခတ်နိုင်တော့ဘူး ဟု ဆို၏။

🗣️ ဆေးမလိမ်းဘူးလား ဦးခင်ညို ဒဏ်ကြေဆေး တစ်ခုခု လိမ်းလိုက်ပါ သက်သာပါလိမ့်မယ်” ဟု ကိုရီက ပြောသည်။

အင်္ဂလိပ်သောက်ဆေး တစ်ခုရှိတယ်ဗျ ဒစ်ကလို ဘာဆိုလားပဲ ကျုပ် အဲ့သည်နာမည်ကို မသိတော့လို့ ဆေးကဒ် နမူနာလေး အပြန်ကျမှ ရှာကြည့်အုံးမယ်။ တွေ့ရင်လာပေးမယ် ဟု ကိုမြင့်လွင်က ဆိုပါ၏။

ခါးနာတာလောက်ဖြင့် အရေးလုပ်လို့ဗျာ ဆေးမြီးတိုတွေ ရှိပါ့ ခုသောက်, မနက်ဖြန်ဆို အပျောက်ပဲ ဟု ဦးညွန့်က ခြင်းဝိုင်းထဲက လှမ်းပြောသည်။

တကယ်လားဗျ ဦးညွန့် ကျုပ်က ခြင်းခတ် တစ်ရက်ပျက်တာကို တော်တော် မခံမရပ်နိုင်ဖြစ်နေတာ ပြောစမ်းပါအုံး ခင်ဗျားဆေးနည်း

လွယ်လွယ်လေးပါဗျာ…တမာရွက်နဲ့ ကြက်ဥကို ပြုတ်ပြီးစား ခုစား နက်ဖြန်ပျောက်ပဲ ဟုဦးညွန့်က ခြင်းခတ်ရင်းလှမ်းပြော၏။

ဟုတ်လားဗျ ဆေးနည်းကလွယ်ပါ့ကော တမာရွက်က ဘယ်လောက် စားရမှာလဲ ကြက်ဥကကော ဘယ်နှစ်လုံးစားရမှာလဲ

ဘယ်လောက်ရယ်လို့ မဟုတ်ပါဘူးဗျာ များများစားရင် မြန်မြန်ပျောက်တာပေါ့ ပြုတ်ရင်သာ သီးခြားစီ ခွဲပြုတ်ရမှာ ဟု ဦးညွန့်က ပြော၏။

ဦးခင်ညို မှာခါးနာသဖြင့် ခြင်းမခတ်နိုင်သော်လည်း ခြင်းဝိုင်းကို အာသာပြေ လာကြည့်ရင်း စကားစမြည် ပြောနေခြင်းဖြစ်ပါသည်။

ခုတော့… မနက်ဖန်သေချာပေါက် ပျောက်မည့် ခါးနာပျောက်ဆေး ဆေးနည်းပါရလိုက်သဖြင့် အချိန်မှီထို ဆေးမြီးတိုကို လုပ်ရန် အိမ်သို့အမြန်ပြန်လေတော့သည်။

ဦးခင်ညို၏ ဇနီးဒေါ်သိန်းတင် ကလည်း သူ့ယောင်္ကျား ပြောသည့်အတိုင်း တမာရွက်သွားခူး၍ ပြုတ်ပေး၏။ ကြက်ဥ ၁၀လုံး ကိုလည်း သီးခြား အိုးတစ်လုံးနှင့်ပြုတ်၏။ ဦးခင်ညိုသည် ခါးနာပျောက်ချင်ဇောနှင့် ကြက်ဥပြုတ်နှင့် တမာရွက်ကို အဝ စားလေတော့သည်။

စားနေရင်း မအီမသာဖြစ်လာ၏။ သို့သော်လည်း ကြက်ဥပြုတ်နှင့် တမာရွက်ပြုတ်ကို လုံးဝမဥပါဒ်မိချေ။

ကြက်ဥပြုတ်နှင့် တမာရွက်ပြုတ်ကို ဆက်စားနေ၏။ စားရင်းစားရင်း ရင်ထဲ တောင့်လာ၏။

ထိုမှ ရင်ခေါင်းဝအထိ ဆို့တက်လာ၏။တဖြည်းဖြည်းအသက်ရှူပါ ကြပ်လာလေတော့သည်။

ဝမ်းဗိုက်ကြီးမှာ တင်းသထက်တင်းလာကာ အသားများလည်းပြာနှမ်းလာပြီး မနေနိုင် မထိုင်နိုင်လောက်အောင် ဖြစ်လာကာ ပက်လက်အနေအထား
တမျိုးသာ နေလို့ရတော့သည်။

ဗိုက်ကြီးကလည်း ကြည့်နေရင်း ကြည့်နေရင်းနဲ့ တဖြည်းဖြည်းခြင်း ကြီးသထက် ကြီးကြီးလာလေတော့သည်။

သို့နှင့် စလင်းဆေးရုံ ပို့ရတော့၏။

စလင်းဆေးရုံအရောက်တွင် ဦးခင်ညို၏ ဝမ်းဗိုက်လုံးပတ်ကြီးမှာ လက်မ၆၀ ကျော်ခန့်ရှိနေပြီဖြစ်၏။

လူနာမှာ Choke ဖြစ်နေပြီး သူတို့ မနိုင်တော့ကြောင်း အချိန်မှီ မကွေးတိုင်းဆေးရုံသို့ ပို့သင့်ကြောင်း ပြောသဖြင့် မကွေးတိုင်းဆေးရုံကို ကားငှား၍ ပို့ကြရတော့၏။

ထိုစဉ်က မုန်းချောင်း မန်းချောင်းတို့တွင် တံတားများမရှိသေးပါ။

စလင်းမှ မကွေးသို့သွားလျှင် မုန်းချောင်းကို ဖောင်နှင့် ဖြတ်ကူးရ၏။

ပြီးမန်းချောင်းကိုလည်း ရေများသည့်အခါ ဖောင်နှင့် ဖြတ်ကူးကြရပါသည်။

ထိုသို့အဆင့်ဆင့် သွားနေရသဖြင့် မကွေးတိုင်းဆေးရုံသို့ မရောက်မှီ လမ်းတွင်ပင် အသက်ဆုံးရရှာလေတော့သည်။

သို့ကြောင့် အလောင်းကို စလင်းပြန်သယ်ကြရ၏။

သေမှုသေခင်းကိစ္စက သာမာန်မဟုတ်သဖြင့်

စလင်းဆေးရုံတွင် ဝင်ပြကြရပါ၏။

အလောင်းကို ဆေးရုံရင်ခွဲရုံတွင် ခွဲစိတ်ကြည့်ကြရာ အစာအိမ်နှင့် အူသိမ်အူမ များတလျှောက်တွင်

ဖော့တုံးကြီးများ အပြည့်သွတ်သွင်းထားသလို ဖြစ်နေပါတော့သည်။

စခွဲလိုက်သည်နှင့်လေပြည့်နေသောပူဖေါင်းများ ဗိုက်ထဲမှကန်ထွက်လာသကဲ့သို့ အူအခွေများ ကန်ထွက်လာကြပါတော့သည်။

ထိုကိစ္စသည် လူတိုင်းပါးစပ်ဖျားတွင် ပြောမပြီးနိုင်ဖြစ်ကြပြီး စလင်းတစ်မြို့လုံး အုတ်အော်သောင်းတင်းဖြစ်သွားကြလေတော့သည်။

(ထိုစဉ်က) ဦးညွန့် သည် အသက် ၆၀ကျော်ခန့် ရှိပြီး ရိုးရိုးခေခေ လူ တစ်ယောက်သာဖြစ်၏။

သူတပါးကို နစ်နာစေလိုသော စိတ်ယုတ်စိတ်ပုတ်တော့မရှိပါ။

သို့သော် စ,တတ်နောက်တတ် ပျော်တတ်၏။

ဆိုက္ကားနင်း၏။ စက်ဘီးပြင်ဆိုင်လည်းရှိ၏။

သူဆိုက္ကားနင်းထွက်လျှင် သူ့သမီးက စက်ဘီးပြင်၏။

တစ်ခါတရံ ဘေထုပ်တွေထဲမှ အရောင်တောက်တောက်စပ်တိစပ်ကြား သိုးမွေးကုတ်အင်္ကျီကိုဝယ်၍ ၎င်းအင်္ကျီ ဖို့ရို့ ဖါးရား ကြီးကိုဝတ်ကာ ဆိုက္ကားနင်းတတ်၏။

တနေ့သား…

သူ့၏ ရိုးအမှု ခေဖျင်းမှု ကိုစမ်းသပ်လိုသဖြင့်…

ဦးညွန့် ခင်ဗျားခုနေ များ ထီပေါက်ရင် ဘာလုပ်မလဲ ဟု ကျွန်တော်, မေးဖူး၏။

ထီများပေါက်လို့ကတော့ ကိုယ့်လူရာ… ကျုပ်ဆိုက္ကားမှာ… ဆိုဖါအကောင်း စားကြီး တပ်ဆင်ပြီး နင်းပလိုက်မှာပေါ့ဗျ ဟုဖြေလေသည်။

ထီပေါက်၍ အရင်းအနှီးရလာသဖြင့် သူလုပ်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း (Transportation) ကို တိုးချဲ့ကာ ကားထောင်သည့်လုပ်ငန်းမျိုး ကိုလုပ်ရန်လည်း သူမသိချေ။

သူက အဲသလိုဉာဏ်ရည်နိမ့်သော လူစားမျိုးသာဖြစ်၏။

ဦးခင်ညိုမှာ အရပ်အမောင်းကောင်း‌၏ အသားညိုညို ခပ်တောင့်တောင့်ဖြစ်၏။

သူကအသက်၄၀ ကျော် ၅၀ နီးပါးခန့်ဖြစ်သည်။

သူကလည်း ရိုးသား၏။ အပေါင်းအသင်းကို ခင်မင်တတ်၏။ သူကနေ့စဉ် ခြင်းခတ်ကစား၏။ ခြင်းခတ်ခြင်းကို ခုံမင်စွဲလန်းသဖြင့်လည်း ခြင်းခတ်ချင်သည့် ပြင်းပြဆန္ဒက ဦးဆောင်ကာ မိမိမသိသည့် အစာအဆိပ်သင့်တတ်သည့်

အစားအစာနှစ်ခုကို တွဲဖက်စားသုံးမိရာမှ မချိမဆန့်ခံစားရကာ အသက်ပါ ပေးလိုက်ရခြင်းသာဖြစ်ပါသည်။

– ဤအဖြစ်အပျက်ကို သင်္ခန်းစာယူ၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဤကဲ့သို့ ထိခိုက်နစ်နာသည်အထိ မစ, မနောက်သင့်ကြောင်းနှင့်…

မည်သူပြောသည့် ဆေးမြီးတိုကိုမဆို လွယ်လွယ်ယုံကြည်ပြီး… လိုက်နာ စားသုံးခြင်းများ မပြုလုပ်သင့်ပါကြောင်း… တင်ပြလိုက်ရပါတော့သည်ခင်ဗျား။

မင်းလှထွန်း ✍️

အတွေးအမြင်သုတ/ရသ/တရားစာစုများ

လေးစားစွာဖြင့်ကိုးကားဖော်ပြပါသည် 🙏

Be the first to comment

Leave a Reply

Your email address will not be published.


*