
“ရိုးသား ဖြူစင်ခြင်းရဲ့ ရလာဒ်”
” ဒါလေး ဘယ်လိုရောင်းလဲ ”
” ကောက်ညှင်းထုပ်က တထုပ်၃၀၀ အမ ပူပူလေးပဲ ရှိသေးတယ် မိုးရွာတုန်းက မုန့်တွေကိုသေချာအုပ်ထားပါတယ် ကျနော်ပဲ အစိုခံလိုက်တာ ”
” အင်းပါ သုံးထောင်ဖိုးထည့်ပေး အပိုပေးဦးနော် ”
” အို…သိပ်ရတာပေါ့ ရော့ ဗျာ သုံးခုယူ ”
မိုးမိခံရတာချင်းအတူတူ မုန့်သည်ဦးလေးရဲ့အပြောအဟောကောင်းမှုကြောင့် စျေးဦပေါက်ပါပြီ။
ကျောင်းဆင်းချိန်လေး လာပြေးရောင်းတဲ့ ကျနော်တို့ မောင်နှမရဲ့ကုန်စိမ်းလေးတွေကတော့ အရာတောင်မယွင်းသေး။
စားပေါက်များတဲ့ အိမ်စရိတ်လေးကာမိအောင် နေမကောင်းလို့ စျေးမထွက်ဖြစ်တဲ့ အမေ့ကိုလဲ ကူညီရာရောက်အောင် မိုးစိုခံထိုင်နေခဲ့တာပါ။
ကျောင်းလွှတ်ချိန်ဆိုတာ ကျနော်တို့အရွယ် ကလေးတွေရဲ့ ကစားရမဲ့အချိန် သူများကလေးတွေလို အေးအေးဆေးဆေးကျုရှင်သင်ရမဲ့အချိန်ပေါ့။
ချမ်းလွန်းလို့ သွားတွေစေ့ကြိတ်ထားတဲ့ ညီမလေးကိုလှမ်းကြည့်တော့ အကိုသဘောကျအောင် အားကုန်ပြုံးပြရှာတယ်။
” အန်တီ အန်တီ ”
” ဟဲ့ ဘာလဲ ညစ်တီးညစ်ပတ်နဲ့ သွား နင်တို့ဆီက ဘာမှမဝယ်ဘူး ”
” မဟုတ်ပါဘူး အောက်မှာ ပိုက်ဆံငါးထောင်တန်တစ်ရွက်ကျသွားတယ် ကောက်လိုက်ဦး ”
ကျနော်မပြောရင် မုန့်သည်ဦးလေးရဲ့ညာဖက်ခြေထောက်က ပိုက်ဆံနဲ့တဖြည်းဖြည်းနီးလာပြီလေ။ ပိုင်ရှင်က သူ့ပိုက်ဆံသူပြန်ကောက်သွားတော့ မုန့်သည်ဦးလေးကြီးရဲ့ မျက်စောင်းက ကျနော်ဆီအတားအဆီးမရှိရောက်လာတယ်။
ဒါပေမဲ့ ကျနော့်မှာဘာအပြစ်မှမရှိဘူးဆိုတာကို ပြန်တွေးပြီး အတော်လေး မသိချင်ယောင်ဆောင်လိုက်ရတယ်။
ညီမလေးက လမ်းသွားလမ်းလာတွေကို စျေးအော်ရောင်းတော့ ကျနော်လဲရှက်မနေတော့ပဲ တတ်သလောက်မှတ်သလောက် လိုက်အော်ရောင်းလိုက်တယ်။
” ပဲသီးလေး ဘယ်လိုရောင်းလဲ သား ”
” ပဲသီးအကုန်လုံးယူလိုက်လေ ဦးဦး တစ်ထောင်ပဲပေး ”
” ဟမ် သားက ဘယ်လိုတွေရောင်းနေတာလဲ သားတို့ဟာက တစ်ထောင်ဖိုးကလို့လား ”
” ညီမလေးလဲ မိုးမိထားတာ ချမ်းနေပြီ ဦးဦးရဲ့ အဲ့ဒါကြောင့် သူမဖျားအောင် အမြန်ရောင်းနေတာ ယူသွားလိုက်ပါ ဦးဦးရယ် ”
” ဟုတ်သားပဲ နှစ်ယောက်လုံးမှာ ရေတွေရွှဲနေတာကိုး ရတယ် ရတယ် ဦးလေး မနက်ဖြန်ဆွမ်းချိုင့်ပို့ရမှာဆိုတော့ နှစ်ဗန်းလုံးယူလိုက်မယ် စျေးပြော ”
” တ တကယ်လား ဦးဦး အများကြီး လိုရောလိုလို့လား ”
” လိုပါတယ် ထည့်မှာသာ ထည့်စမ်းပါ ”
” သနားလို့ ဝယ်တာဆိုရင် ကျနော်တို့ မရောင်းနိုင်ဘူး ဦးဦး တခြားနေရာကသွားဝယ်ပါ ”
” မဟုတ်ပါဘူး သားရယ် ရော့ ဒီစာလေးယူထား အိမ်ရောက်ရင်ဖတ်ကြည့် ဦးလေး ဘာလို့ဝယ်လဲ သိရစေမယ် ”
စိုစိစိုစိနဲ့ မောင်နှမနှစ်ယောက်ဗန်းလေးတွေ အမေ့ကိုပေး ရတဲ့ပိုက်ဆံတွေအပ်ခဲ့ပြီး ရေချိုးလိုက်တယ်။ ညဘက်အိမ်စာလုပ်ချိန်ရောက်မှ ဟိုဦးလေးပေးခဲ့တဲ့စာရွက်ခေါက်လေးကို သတိရပြီး ပုဆိုးထဲရှာကြည့်တော့ ရေနူးပြီးပျော့ပြဲနေပြီ။ ခက်ခက်ခဲခဲဖြည်ပြီး ဖွင့်ဖတ်ကြည့်တော့ …..
” သားရဲ့စိတ်ထားလေးကို သဘောကျလို့ ဦးလေးက ဆုချတာပါ မင်းကူညီလိုက်တဲ့အန်တီက ဦးလေးရဲ့ညီမပါ ” တဲ့ ။
လူဆင်းရဲပေမဲ့ စိတ်ဓာတ်မဆင်းရဲတဲ့ ကျနော့်ကို သူဘယ်နားက ကြည့်နေခဲ့တာလဲ ကျနော်မသိ။ နောက်တစ်နေ့ရောက်တော့ အဲ့ဦးလေးမလာတော့ဘူး သူ့ညီမဆိုတဲ့ အန်တီကပဲ စာရွက်ခေါက်တခုပေးပြီး မှိုင်တိုင်တိုင်နဲ့ ပြန်သွားတယ်။ နိုင်ငံခြားထွက်သွားပြီတဲ့။
တခါတခါလဲတွေးမိတယ် မိဘတွေလဲ အလုပ်လုပ်တယ် အသဲအသန်လဲ ကြိုးစားတယ် အငြိမ်မနေတဲ့ ကျနော်တို့ ဘဝတွေဘာလို့မတိုးတက်တာလဲလို့။
ကျနော့်ရဲ့လေးတန်းအတွေးကတောင် စနစ်ကြောင့်လို့ပြောနေတယ်။ ပါသမျှခြေလက်တွေတခုမှအနားမပေးပဲ အလုပ်လုပ်နေတာတောင် ထမင်းကနပ်မမှန်ဘူး။
ဒါပါပဲဗျာ စားအုန်းဆီသွားတန်းစီရဦးမှာမလို့ အချိန်မရတော့လို့ပါ။ ကျနော် ဒီစနစ်ကိုသဘောမကျဘူး ဦးဦးဒေါ်ဒေါ်တို့ရယ်။ နိုင်သလောက် ရုန်းပေးကြပါဗျာ။
မောင်လူလှ – ကညင်မြေ
Leave a Reply