
ဆိုက်ကားသမား အတုနဲ့ သူဌေး အစစ် တို့ရဲ့ မှတ်သားဖွယ် နံနက်ခင်း
ကျွန်တော်က သူဌေးကြီးကို ဆိုက်ကားပေါ်တင်လာခြင်းဖြစ်သည်။ သူနှင့် ငါးကြိမ်လောက် ဆုံဖူးသောကြောင့် မျက်မှန်းတန်းမိသလိုလိုဖြစ်လာသည်။
“ မောင်ရင်က ဈေးသိပ်မတောင်းဘူး … ဘာဖြစ်လို့လဲကွ”
“ကျွန်တော်က ဆိုက်ကားသမား အစစ်မှ မဟုတ်တာ ဦးလေးရာ”
“ဘာပြောတာလဲကွ”
“ဪ … ကျွန်တော်က ကျောင်းပိတ်တုန်း ကျောင်းစရိတ်လေးရအောင် ဆိုက်ကားနင်းတာပဲ … ဆိုက်ကားသမားတွေလို နင်းကန်တောင်းရင် ကျွန်တော့်ကို ဘယ်သူကခေါ်မှာလဲ”
“ဒါလည်း မဟုတ်သေးဘူးကွ … နေရာတိုင်းမှာ တန်ရာတန်ကြေးဆိုတာရှိတာပဲ”
“လူတိုင်းက တန်ရာတန်ကြေး မပေးချင်ကြပါဘူး ဦးလေးရာ … တစ်ကျပ်တန်လည်း ငါးမူးလောက် ပေးချင် ကြတာ”
“အလို မင်းက ငါ့ကို စောင်းဆိုသလား”
“မဟုတ်ပါဘူး ဦးလေးရာ သဘောပြောတာပါ”
“ဒီမှာ ငါ့တူ … သူဌေးဘာဖြစ်လို့ဖြစ်သလဲ သိလား”
“ကပ်စေးနည်းလို့ဖြစ်မှာပေါ့ခင်ဗျာ”
“အင်း နည်းနည်းတော့ မှန်သကွ … ဒါပေမဲ့ ဘယ်လောက် ကပ်စေးနည်းနည်း ကိုယ့်အတွက် မဟုတ်ပါဘူး ကွယ်”
“ဘယ်သူ့အတွက်လဲခင်ဗျာ”
“မင်းကိုငါ အဖြစ်အပျက်လေးတစ်ခု ပြောပြမယ် … နားထောင်”
“ဟုတ်ကဲ့”
“သူဌေးကြီးတစ်ယောက်ဟာ သေသွားတော့ ဘဏ်ထဲမှာ ပိုက်ဆံ ၁၀ သိန်းလောက် ထားခဲ့သတဲ့ (ဟိုးတစ်ခေတ် ၁၀ သိန်း) သူဌေးကြီးသေတော့ သူ့မိန်းမက နောက်လင်ယူရောကွာ၊ နောက်လင်ကလည်း သူတို့ဆီမှာ လုပ်နေတဲ့ အလုပ်သမားကွ၊ အဲဒီနောက်လင်က ဘာပြောသလဲသိလား”
“ဘယ်သိမှာလဲ ဦးလေးရ”
“အင်း … ခင်ဗျားလင်ကြီး အငတ်ခံပြီး စုဆောင်းခဲ့သမျှဟာ နောက်ဆုံးတော့ ကျုပ်အတွက်ပါလားတဲ့ … ဟား … ဟား … ဟား”
သူဌေးကြီးက ပြောပြီး အားရပါးရရယ်သည်။
“ဦးလေးရယ် ရယ်စရာမကောင်းပါဘူး … သနားစရာ ကောင်းလိုက်တာ”
“ဘယ်သူ့ကို မင်းက သနားနေတာလဲ”
“သူဌေးကြီးကို”
“မသနားနဲ့ကွ … အဲဒီကောင် ငွေရှာဖို့ပဲသိတာ … ဘဝနေနည်း မေ့နေတာ”
ဤကား သူဌေးကြီးပြောသည့် ဘဝနေနည်း ဖြစ်ပါသည်။
🔹 ကျန်းမာအောင်နေကွ၊ ကျန်းမာမှ ချမ်းသာအောင် လုပ်နိုင်တယ်။ စောစောသေတော့ ငါပြောသလို သူများအတွက် ဖြစ်တာပဲ။ လမ်းများများလျှောက်ကွ။ ရေများများသောက်။ ဆာလည်းသောက်၊ မဆာလည်းသောက်။
🔹 စကားတွေကို ကိုယ်ကလည်း အပိုမပြောနဲ့၊ သူများတွေ အများကြီး ပြောတာလည်း နားမထောင်နဲ့၊ အလုပ်နဲ့ ပတ်သက်တာပဲ နားထောင်၊ ပြော။ ကိုယ့်အလုပ်ကိုယ်လုပ်။
🔹 ကားအကောင်းစားကြီးကို ပိုက်ဆံအများကြီးပေးပြီး ဝယ်မစီးနဲ့၊ တော်ရုံလောက်ပဲစီး၊ ရောက်တာချင်း အတူတူပဲ။ ဇိမ်ခံဖို့ထက် အလုပ်အတွက် အဆင်ပြေဖို့ပဲစဉ်းစား။
🔹 တိုက်ကြီးကို ဟီးနေအောင် ဆောက်စရာ မလိုဘူး။ ကိုယ့် အိုးနဲ့ကိုယ့်ဆန် တန်ရုံလောက်ဆောက်။ သုံးလေးထပ် ဆောက်လည်း ကိုယ်နေမှာ တစ်နေရာတည်း။ အထပ်များ၊ အဆောင်များ ထိန်းရလည်းခက်။ ပိုက်ဆံလည်း အပိုထွက်။
🔹 အဝတ်ကောင်းကောင်း မလိုဘူး။ ရာသီအလိုက် ဝတ်ကောင်းတာမျိုးကိုပဲ ဝတ်ဖို့လိုတယ်။ တိုက်ပုံလေး ကောက်စွပ်လိုက်ရင် မင်းကို အထင်ကြီးပြီးသား။ သူဌေးဆိုတာ ဘာဝတ်ဝတ်လာလာ မင်းကို ဘာမှ မပြောဘူး။ ချီးကျူးတောင် ခံရဦးမှာ။
🔹 မင်းဘဝမှာ မင်းရှာခဲ့သမျှ ၂၅ ရာခိုင်နှုန်းလောက်တောင် မင်းမသုံးသွားနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းလောက် သူများဖို့ ထားခဲ့ရမှာ။ ဒါကြောင့် မသေခင်ဘာလုပ်မလဲ အမြဲစဉ်းစား။
🔹 မင်းပညာတွေ ဘယ်လောက်တတ်တတ် မင်းသင်ခဲ့တဲ့ ဘွဲ့ပညာရဲ့ ၂၅ ရာခိုင်နှုန်းလောက်တောင် လက်တွေ့ဘဝမှာ အသုံးမချနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းလောက်က လက်တွေ့နဲ့တတ်ပြီး ထမင်းစား နေရတာ၊
🔹 အတ္တတွေလျှော့၊
🔹 ကိုယ်မှမှန်၊ ကိုယ်လုပ်မှ မှန်တယ်ထင်တာ တကယ်တော့ မဟုတ်ဘူး။ ငါလည်းမှားနိုင်တာပဲဆိုတာကို နှလုံးသွင်း၊ သူလည်းမှန်နိုင်တာပဲလို့ စိတ်မှာထား၊
🔹 ဘယ်လိုအနေအထားရောက်ရောက် နှိမ့်ချရိုကျိုး အပိုးကျိုးကျိုးနေ၊ မထောင်လွှားနဲ့၊ မမောက်မာနဲ့၊
🔹 ပိုက်ဆံဘယ်လောက်ရှိရှိ၊ တစ်ပြားမှမရှိသလို သဘောထား။
ကျွန်တော် မှတ်မိသလောက် ပြန်ရေးပြခြင်းဖြစ်ပါသည်။ သူကား အတန်းပညာမရှိ။ ဘဝအသိဖြင့် ကျွန်တော့်ကို ဆိုက်ကားပေါ်မှာ လက်တွေ့ သင်ခန်းစာများကို သင်ကြားပေးသွားခြင်း ဖြစ်သည်။
ကျွန်တော်က ဆိုက်ကားကို ရပ်လိုက်ပြီး သူ့ကို တွဲရန် လက်ကို လှမ်းပေးလိုက်သည်။
“မလိုဘူးကွ … အသက်ကြီးတဲ့ သူတိုင်းကို အတွဲခံချင်လိမ့်မယ်လို့ ဘယ်တော့မှ မထင်နဲ့။ အေး တစ်ခုတော့ ရှိတယ် … သူလဲကျလို့ သနားရင် တွဲထူချင် ထူပေးလိုက်”
ကျွန်တော်က လက်ကို ရုပ်လိုက်ပြီး သူ့ကိုကြည့်ကာ ဆိုက်ကားကို လှည့်ရန် ပြင်သည်။
“မောင်ရင် ပိုက်ဆံ”
“ရပါတယ်ဦးလေး … ဒီနေ့ ဦးလေးက ကျွန်တော့်ကို အများကြီး ပညာတွေပေးသွားတယ်”
“ဒီမှာ မောင်ရင် သူတို့ကိုယ်သူတို့ သူဌေးလို့ အထင်ခံနေရတဲ့ကောင်တွေကို မင်းက လူတတ်ကြီးလုပ်ပြီး ဘယ်တော့မှ ပိုက်ဆံမယူဘူး မလုပ်နဲ့ကွ … သူတို့အတွက် ဆိုက်ကားခလောက်ကို မပေးလိုက်ရတာ ပီတိဖြစ်နေမှာ မဟုတ်ဘူး … စိတ်ထဲမှာ ဒေါသထွက်နေမှာ … ရော့ယူသွား”
ထိုနေ့က သူကျွန်တော့်ကို ပေးသည်မှာ တစ်ကျပ်စေ့။ ကျွန်တော်က ပြန်အမ်းရန် အိတ်ထဲကိုနှိုက်သည်။
“ဦးလေး ဒီမှာ ငါးမူး”
“ထားလိုက်ပါကွာ … ဒီနေ့တော့ ငါ တစ်ကျပ်ပေးပါတယ်”
“နေပါ ဦးလေး … ကျွန်တော်လည်း သူဌေးက သနားလို့ ငါးမူးပိုပေးတာ မယူချင်ဘူး”
“ကောင်းကွာ … အဲဒါ မင်း ဆိုက်ကားသမား အစစ်မဟုတ်လို့”
သူက ကျွန်တော်ပေးသည့် ပိုက်ဆံငါးမူးကို ယူလိုက်သည်။
Credit မူရင်း
Leave a Reply