
“ကြီးပွားချမ်းသာနေတဲ့ သားတစ်ယောက်က အဖေဖြစ်သူ ရေခဲရေ ရောင်းနေတာကို သိလိုက်ရတဲ့အခါ. .”
” ရေခဲရည် သည် ”
” ဘာ.. အဖေက ဘူတာနားမှာ ရေခဲရေ ရောင်းနေတယ်.. ဟုတ်လား..”
“ဟုတ်တယ် မောင်..မြတ်ကိုယ်တိုင်တွေ့ခဲ့တာ ”
ကျွတ်..သူရှက်သွားမိသည်။အဖေ ရေခဲရေရောင်းလို့ ရှက်တာထက်..မြတ်တို့ရဲ့ အသိုင်းအဝိုင်းကြားမှာ
သူ့မိဘကြောင့် အရှက်ကွဲသည်ဟု ထင်မိသည်။
“ဘာတွေလုပ်နေမှန်း မသိဘူးကွာ”
“ဟုတ်တယ် မောင် မြတ်လည်း အမှတ်တမဲ့တွေ့လိုက်တာ ယုံတောင်မယုံဘူး”
သူ မြတ်သဇင်နဲ့ အိမ်ထောင်ကျပြီးကတည်းက မြတ်တို့ အသိုင်းအဝိုင်းကြားထဲမှာ သူ့ပညာနဲ့ ကုမ္မဏီတခုတွင် ရာထူးကြီးကြီးရရှိခဲ့သည်။
အသိမိတ်ဆွေပေါများပြီးသူတို့ကိုယ်တိုင် ကုမ္မဏီရှယ်ယာများဝင်ထား၍ သူ့ကို အားလုံးက ရိုသေလေးစားကြသည်။ခုတော့ကွာ…အဖေရာ… သားကို အရှက်ခွဲဖို့ ကြံနေတာလားဗျာ…သူလည်း အဖေနဲ့အမေကို တနှစ်မှာ နှစ်ခေါက်သုံးခေါက်တော့ သွားကန်တော့ပါသည်။
ကျန်အချိန်တွေတော့ မရောက်ဖြစ်ပေ။
ဒါပေမယ့်..ညီမလေး ကျောင်းဆရာမ လစာနဲ့ အမေတို့ အသုံးဒီလောက်မလိုလောက်ပါဘူးလေ..
အဖေရယ်..ဘာလို့များ ရေခဲရေရောင်းရတာလည်းဗျာ။ ဘယ်လို စိတ်ကူးမျိုးလည်း၊ သူရေချိုးလိုက်တာတောင် အတွေးကမပျောက်ပေ
အဖေ့ဆီသွားအုံးမှပဲဟု တွေးရင်း မိန်းမကိုပြောကာ ကားပေါ်အတက်..
“ဖေဖေ…ဖိုးဖိုး၊ဖွားဖွားဆီ သွားမှာလား..သားလည်းလိုက်မယ်..မတွေ့တာကြာပြီ”
ဆယ်တန်းကျောင်းသား သားအကြီးကောင်က လိုက်ချင်သည် ပူဆာ၍ သူခေါ်လာခဲ့သည်။
သူကားမောင်းလာရင်း ရင်ထဲမှာမကျေနပ်ဖြစ်နေသည်။ အဖေ ဒီလိုလုပ်တာ မိန်းမသိသွား၍ ပို၍ ရှက်မိသည်။
“ဖေဖေ ဖိုးဖိုးကို အဖေ ရေခဲရေ မရောင်းဖို့ သွားပြောမို့လား”
“ဟင်..သား ဘယ်လိုသိ”
“ဖေဖေနဲ့ မေမေ ပြောတာ သားအကုန်ကြားတယ်ဖေဖေ”
“ဟုတ်တယ် သား…အဖေ့ကို အရှက်ခွဲလို နောက်ခါမလုပ်ဖို့ သွားပြောရမယ်လေ။ဒါဖေဖေ့ကို အရှက်ခွဲတာကွာ၊
မင်းအဖိုး ဘာအရူးထတာလည်း မသိဘူးကွာ”
“ဒါဆို..ဖေဖေ အဖိုးရေခဲရေ မရောင်းရင်..ဘာနဲ့ စားမလည်းအဖေ၊အဖေက တလကို ဖိုးနဲ့ဖွားကို ဘယ်လောက်ထောက်ပံ့နိုင်လို့လည်း..
“ဟင်..
သားစကားကြောင့် ကားကို သူလမ်းဘေးထိုးရပ်လိုက်မိသည်။သားစကားက သူ့ရဲ့အရှိုက်ကို ထိသွားတာ တော်ရုံမဟုတ်ပေ။
“ပြောလေ..ဖေဖေ.. ”
လူကြီးတယောက်လို တည်ငြိမ်စွာပြောနေတဲ့ သားကြီးကို ကြည့်ပြီး သူ ရှက်ရွံ့မိသည်။
“အဖေက..ဖိုးနဲ့ဖွားကို တလ ဘယ်လောက်ထောက်ပံ့နိုင်လဲ .. မဟုတ်ဘူး..ဘယ်လောက်ထောက်ပံ့ခဲ့လို့လဲ ?
အဖေ..အန်တီလေးလစာလေးနဲ့ကတော့ အဖိုး၊အဖွား၊အန်တီလေး ဘယ်လိုမှ မလောက်နိုင်ဘူး..အဖိုးနဲ့အဖွား နေမကောင်းရင် ပိုတောင်ဆိုးအုံးမယ်နော်”
သားရယ်..အဖေ..အဖေ..
“အဖိုးနဲ့အဖွားကို သားအရမ်းသနားတယ်။ဘာကြောင့်လည်းသိလားအဖေ ၊ကားအကောင်းစားကြီးစီးပြီး ဝင့်ကြွားနေတဲ့ သားကြီးရှိတာတောင် သူတို့မပြေလည်မှု့ကို တခါမှ အကူအညီမတောင်းခဲ့ဘူး..အဖေကိုယ်တိုင်လည်း အလိုက်တသိ ဘယ်တော့မှ မပြောခဲ့ဘူးနော်”
သားစကားက သူ့ရင်ထဲနင့်နေအောင် ခံစားလိုက်ရသည်။
သူမထိန်းနိုင်တော့ သားရှေ့မှာ ငိုချမိသည်။ဟင့်..အီး ဟီး ဟီး သားရယ်သူမျက်နှာကို အုပ်၍ ငိုနေမိသည်။
“သားလည်း ကြီးလာလို့ အိမ်ထောင်ကျခဲ့ရင်..ဖေဖေ့လိုပဲ ဖြစ်မလားမသိဘူးနော်”
“ဟင်”
“ဟုတ်တယ်….အလုပ်များနေတယ် အကြောင်းအမျိုးမျိုးပြပြီး မိဘတွေကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူးနော်”
“သားရယ်..အဖေ အဖေ…လေ”
“ဟုတ်တယ်.. အဖေ တလတစ်ခါတောင် မိဘဆီမသွားပဲ၊ဘာမှ ထောက်ပံ့မှု့ ..မပေးပဲ.. သူ့စားဝတ်နေရေး အခက်အခဲ သူ ဖြေရှင်းနေတာကို အဖေက ရှက်ပြီး သွားတားရင် အဖိုးတို့ မပြေလည်ပိုဖြစ်ပြီလေ”
အဖေရှက်ရမှာ… အဖိုးရေခဲရေရောင်းတာကို မဟုတ်ဘူး…အဖေကိုယ်တိုင် တာဝန်သိတတ်မှု့မရှိတဲ့ သားသမီးဖြစ်နေလို့ အဖိုးကို..ရှက်ရမှာ..”
တည်ငြိမ်ရင့်ကျက်စွာပြောနေတဲ့ သားကြီးကို ကြည့်၍ သူ့အဖြစ်ကို ပို၍ ရှက်မိသည်။
“သားရယ်…အဖေ အဖေ မှားတာသိပါပြီကွာ။မှန်ပါတယ် အဖေ မိဘတွေကို တာဝန်မဲ့ပြီး ကိုယ်နဲ့မဆိုင်သလို နေခဲ့တာ ကြာပါပြီကွာ။ အဖေ အဖေ တကယ်မှားခဲ့ပြီကွာ…
အဖေ သားပြောမှ သိရလို့ ပိုပြီးရှက်မိတယ်”
“ဒါဆို..အဖေက အဖိုးကို ရေခဲရေမရောင်းဖို့ သားရှက်တယ်ဆိုပြီး သွားပြောအုံးမှာလား..”
သူ ပြုံးပြီး ကားထဲက ဆင်းသွားသည်။အနီးရှိ စတိုးဆိုင်တခုသို့ဝင်ပြီး အဖေနဲ့အမေအတွက် လိုအပ်တဲ့ အဟာရဖြစ်စေမယ့် ပစ္စည်းတွေဝယ်ပြီး စာအိတ်လေးနှစ်အိတ်လည်း ဝယ်လာခဲ့သည်။
ကားထဲရောက်တော့ သားကြီးက သူ့ကို အံ့သြစွာကြည့်နေသည်။သူစာအိတ်လေးနှစ်အိတ်ထဲသို့…ငွေငါးသောင်းစီထည့်ကာ ပစ္စည်းတွေထဲထည့်လိုက်သည်။
“သား..သားကြီးကို အဖေ ကတိပေးတယ်။
ဒီလက စပြီး အဖိုးနဲ့အဖွားကို တလ တယောက်ကို ငါးသောင်းစီ လစဉ်တိုင်း အဖေ ထောက်ပံ့မယ်လို့ အဖေ ကတိပေးတယ်ကွာ”
“တကယ် အဖေ..ဝမ်းသာလိုက်တာ အဖိုးနဲ့အဖွားတော့ ပျော်နေမှာပဲဗျာ.”
“ဒါကြောင့်..ဖေကြီးကို သားအရမ်းချစ်တာ”
.. သားကြီးက သူ့ကို ဖက်၍ ဘယ်ပြန်ညာပြန်နမ်းလေသည်။ သူ့ရင်ထဲမှာ အတိုင်းမသိ ပျော်ရွှင်နေမိသည်။
“သားအလှည့်ရောက်ရင် လည်း အဖနေဲ့အမကျေိုဒီထက်မက ပိုမို ပြုစု ထောက်ပံ့နိုင်အောင် ကြိုးစားမှာပါအဖေ သားကတိပေးပါတယ်”
သားကြီးရယ်…
ပျော်ရွှင်သောအပြုံးများနဲ့ မေတ္တာအပြည့်နဲ့ ကားလေးက တလတစ်ခါ အဖိုးနဲ့ အဖွား ရှိရာ နေရာ သို့အမြဲလာနေတော့မှာဖြစ်ပေသည် ။. ။
#crd_
Leave a Reply