
ငါတို့နိုင်ငံမှာတစ်ကယ်ရှိခဲ့တယ် . . ဒါပေမယ့် ပြန်မရနိုင်တော့ဘူး
ငါတို့နိုင်ငံမှာတစ်ကယ်ရှိခဲ့တယ်
ပိုက်ဆံအကြွေ ဆယ်ပြား၊ တစ်မတ်နဲ့ အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချ စားလို့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်။
လက်ဘက်ရည်တစ်ခွက်၊ ခေါက်ဆွဲကြော်တစ်ပွဲဆိုတာ နေမကောင်းတဲ့ အခါမှစားရတဲ့ အလွန်အရသာရှိတဲ့ အစားအစာဖြစ်တဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်။
အယုတ် အလတ် အမြတ်မရွေး ကျွေးတဲ့စတုဒိသာကို ဘာရောဂါမှမကြောက်ရဘဲ အလုအယက် ပျော်ပျော်ရွှင်ရွှင် စားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်။
မိုးရာသီ မိုးရေထဲမှာ ဘယ်ကားအန္တရာယ်မှမရှိဘဲ ရပ်ကွက်ထဲကလမ်းပေါ်မှာ လွတ်လွတ်လပ်လပ် ဘောလုံးကန်ခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်။
ဘာအကြောင်းကြောင့် နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ ပျောက်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။
ကိုယ်ပိုင်ကားမပြောနဲ့ စက်ဘီးတောင် လူတိုင်းမစီးနိုင်အခြေအနေမှာ သူငယ်ချင်းတွေနဲ့ကျောင်းတက် ကျောင်းဆင်း လမ်းလျှောက်ရင်း ကျောင်းကားစီးရင်း ပျော်ရွှင်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။
နွေရာသီကျောင်းပိတ်ရက်မှာ ညစဉ်ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်းမျိုးစုံကိုပျော်ရွှင်စွာကစားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။
တစ်ဆွေလုံးတစ်မျိုးလုံးမှာမှ တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTVကို ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။
ဘုရားပွဲမှာကတဲ့ဇာတ်ကို ကျား/မ မရွေး မိုးအလင်းကြည့်ပြီး အိပ်ပြီးမနက်မိုးစင်စင်လင်းမှထပြန်လည်း ဘာအကြောင်းကြီးငယ်မှမဖြစ်ခဲ့တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။
သွေးသားမတော်စပ်ကြပေမယ့် ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့ မောင်နှမရင်းပမာ ဆက်ဆံခြင်းရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။
ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားရမယ်ဆိုတဲ့ မြတ်နိုးစရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်။
ပြန်တွေးလိုက်ရင် အရာရာဟာ လွမ်းစရာကြီးပါပဲလေ …
©️မေလရောင်
Leave a Reply