
မိသားစု တပိုင်တနိုင် လုပ်စားမလား၊ စီးပွားရေးအရ လုပ်စားမလား အဆင်ပြေတဲ့ ကျောက်ဖရုံယို လုပ်နည်း
မိသားစု တပိုင်တနိုင် လုပ်စားမလား၊ စီးပွားရေးအရ လုပ်စားမလား အဆင်ပြေတယ်။ လုပ်နည်း (၂) နည်း ရှာထားပေးတယ်နော်။
ကျောက်ဖရုံယို ပြုလုပ်နည်း (၁)
ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပစ်ပါ။ ကျောက်ဖရုံသီး အရင့်… နှစ်ချို့ ဖြစ်ရပါမယ်။ ကျောက်ဖရုံသီး အနုဖြင့် မရပါ…။
အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက္မ အနံ(၂)လက္မခန့် အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။
ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌ အနည်းငယ် ထည့်ဖျော်၍ ဆေးကြောပြီးသော ကျောက်ဖရုံသီးအစိတ်အပိုင်းများကို ၃ နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။ သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင် တဖန်ဆေးကြောလိုက်ပါ…။
ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိုင်းများကို တဖန်ပြန်လည်ပြီး မီးနစ်အနည်းငယ်မျှကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံစစ်ပေးထားပါ…။
သကြားကို လိုသလောက် ချိန်ထည့်ပြီး.. ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကို သမအောင် ရောနယ်ပြီး ရေသန့်သန့်ထည့်ကာ နာရီ၀က်ခန့် ကျိုချက်ပေးပြီး ပျစ်ခဲလာချိန်၌ အိုးအတွင်းမှ ဆယ်ယူ၍ ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲသွားသည်အထိ ထားပေးလိုက်ပါက သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယို (သို့) Wintermelon candy ကို မှီဝဲသုံဆောင်နိုင်ပါသည်။
Credit : ဓမ္မမေတ္တာ အရှင်ပညာသာရ
ကျောက်ဖရုံယို ပြုလုပ်နည်း (၂)
ကျောက်ဖရုံယို လုပ်လျှင် အပူဒဏ်ခံနိူင်အောင် အတော်လေးရင့်သော အသီးဖြင့် လုပ်ရပါတယ်။ အရောင်ကြည်ပြီး၊ ကြွပ်အောင် ထုံးရည်စိမ်ပြီး၊ ကျောက်ချဉ်ကတော့ ဖရုံယို ပိုကြွပ်ပြီး၊ ပိုဖြူအောင် ထည့်တာဖြစ်ပါတယ်။ သံပုရာသီးကိုတော့ ဖရုံသီးအနံ့ မထွက်အောင် ထည့်ခြင်းဖြစ်ပါတယ်။
သကြားအချိုးအစားကတော့ ပြုတ်ပြီးတဲ့ ကျောက်ဖရုံသီးနဲ့ အချိုးတူထည့်ရပါမယ်။ ဖရုံသီး (2 cups) ဆို ထည့်ရမယ့် သကြားကလည်း (2 cups) ဖြစ်ပါတယ် (ဖရုံသီးဖတ်တွေ သေသေချာချာ ခွက်ထဲ ဝင်အောင် ထည့်ကြည့်ဖို့တော့လိုပါတယ်။)။
ကျွန်မ လုပ်တဲ့နည်းက ဖရုံသီးကို အတုံးကြီးကြီးလှီးလျှင် အပူပေးချိန်ပိုကြာသောကြောင့် သကြားများ ဝါသွားတတ်၍ အရမ်းမကြီးအောင် လှီးရပါတယ်။ အချောင်းသေးအောင် လှီးထားပေမယ့် ခြောက်ကပ်မသွားပဲ အပြင်သား ကြွပ်ပြီး သကြားရည်ဝတဲ့ အတွင်းသားကြောင့် အရမ်းစားလို့ကောင်းတဲ့ ကျောက်ဖရုံယိုလေး ဖြစ်ပါတယ်။
ကျောက်ဖရုံယို အတွက် လိုအပ်တာလေးတွေ
၁. အတော်လေးရင့်သော ကျောက်ဖရုံသီး – ကီလိုဝက် (၃၂ ကျပ်သားခွဲခန့်)
၂. ထုချေထားသော ကျောက်ချဉ် (alum) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
၃. ကွမ်းစားထုံး (lime stone or Chuna or Choona) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
၄. ရေ – 10 cups (2500 ml )
၅. သကြား – 2 cups (500 ml)
၆. သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ရေ – 5 cups (1250 ml) ထဲ ထုံးနှင့် ကျောက်ချဉ် ထည့်ကာ ထုံးများပျော်အောင် ဖျော်ထားပါ။ အခွံပြောင်စင်အောင် ခွာထားသော ကျောက်ဖရုံသီးကို အစေ့နှင့် ပျော့သည့်အသားများ လုံးဝ မပါအောင်ဖယ်ထုတ်ပြီး လက်သန်းလောက်လည်း မသေး၊ လက်ညှိုးလောက်လည်း မကြီးသည့် အချောင်းလေးများ လှီးထားပါ။
လှီးပြီးသည့် ကျောက်ဖရုံသီးများကို ဖျော်ထားသည့် ထုံး၊ ကျောက်ချဉ်ရည်ထဲ ထည့်ကာ အဖုံး ဖုံးပြီး ၆ နာရီခန့် ထားပါ။ (ထိုအတောအတွင်း ရေပေါ် ပေါ်နေသည့် ကျောက်ဖရုံသီးဖတ်များ အတွက် ၃၊၄ ခါ အပေါ်အောက်လှန်ပြီး မွှေပေးပါ။)
၆ နာရီခန့်စိမ်ထားပြီးနောက် ထုံးများ ပြောင်စင်သွားအောင် ရေဆေး၊ ရေ စစ်ထားပါ။ ရေစစ်ပြီးနောက် ပွက်ပွက်ဆူနေသော ရေ – 5 cups (1250 ml)ထဲ ထည့်ပြီး အိုးအဖုံး မဖုံးပဲ high heat ဖြင့် ၃ မိနစ် တည်ထားပါ။ (ရေပြန်ဆူလာလျှင် အနည်းငယ်မွှေပေးပါ။)
ပြီးလျှင် ချက်ချင်း ရေအေးဖြင့် လုံးဝ အေးသွားသည်အထိ ဆေးကာ၊ ရေကုန်အောင် စစ်ပြီးနောက် အနည်းငယ် ခြောက်သွားအောင် paper towel (သို့) စက္ကူ ပေါ် ၁ နာရီခန့် ဖြန့်ထားပေးပါ။
၁ နာရီခန့် ဖြန့်ထားပြီးနောက် ကျောက်ဖရုံသီး နှင့် သကြားကို ဇလုံထဲထည့်ပြီး နှံ့သွားအောင် ခပ်ဖွဖွမွှေကာ အဖုံး ဖုံးပြီး သကြားရည်များ ဖရုံသီးထဲ စိမ့်ဝင်အောင် တစ်ညအိပ်ထားပါ။ (ရေလုံးဝ မထည့်ရပါ။)
နောက်တစ်နေ့မနက်တွင် ပျော်နေသော သကြားရည်နှင့် သကြားရည်များစိမ့်ဝင်နေသော ကျောက်ဖရုံသီး ကြည်ကြည်လေးများကို တွေ့ရမှာဖြစ်ပါတယ်။ ထိုသကြားရည်နှင့် ဖရုံသီးဖတ်များကို မကပ်သည့်အိုးထဲထည့်ကာ medium high heat ဖြင့် မိနစ် ၂၀ ခန့် တည်ထားပါ။ သံပုရာရည်ကို ဖြန့်ပြီးထည့်ပေးပါ။ သကြားရည်များပူပြီး အနည်းငယ် စပွက်လာလျှင် အိုးကပ်ပြီး မတူးအောင် မကြာခဏမွှေပေးဖို့ လိုပါတယ်။
မိနစ် ၂၀ ခန့် (သို့) သကြားရည်များ ကော်ရည်ကဲ့သို့ ပျစ်လာသည်နှင့် medium low heat သို့လျှော့ကာ တတ်နိုင်သမျှ တစ်အိုးလုံး နှံ့အောင် ခြစ်ပြီး အဆက်မပြတ် မွှေပေးပါ။ (သကြား နှင့် ကျောက်ဖရုံသီးများ အိုးဖြင့်ကပ်ကာ တူးပြီး ရွှေဝါရောင် ပြောင်းသွားတတ်၍ အိုးကို ခြစ်ပြီး မွှေပေးဖို့လိုပါတယ်။)
၃ မိနစ်ခန့်ကြာလျှင် (သို့) သကြားအတုံးအခဲများ စဖြစ်လာလျှင် (သကြားက ခပ်ထန့်ထန့်အနေအထားပါ) low heat သို့လျှော့ကာ ၂ မိနစ်ခန့် အဆက်မပြတ်မွှေပေးပါ။ (မွှေရတာ လွယ်ကူမြန်ဆန်စေရန် spatula ကိုပြောင်းသုံးထားပါတယ်။)
သကြားများ ခပ်ထန့်ထန့်ဖြစ်မနေတော့ပဲ လုံးဝခြောက်သွားလျှင် ဆက်ပြီး မပူနေစေရန် ဒယ်အိုးမှ ဖယ်ပြီး လင်ဗန်းတစ်ချပ်ထဲ ဖြန့်ထည့်၍ အအေးခံထားပါ။ အေးသွားပြီးနောက် ကြွပ်ကြွပ်လေးနှင့် သကြားရည်ဝနေသော ကျောက်ဖရုံယိုလေး အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။ ပိုသည်များကို လေလုံဗူးထဲ ထည့်သိမ်းပေးပါ။
အပိုထွက်လာတဲ့ သကြားတွေဘာလုပ်ရမှာလဲဟင်လို့မေးရင် အမြဲတမ်း ဘာပြန်လုပ်ရမှန်း မစဉ်းစားမိလို့ ကျောက်ဖရုံယိုနဲ့ ရောပြီး သိမ်းထားတယ်လို့ ဖြေပါရစေ…..။
Credit : ချောစု
Leave a Reply