
တန်ဆောင်တိုင်မီးထွန်းတဲ့ပုံကို ထိမိန်မှာ ဒီဇိုင်ဆင်ပြီး ရောင်းချမှု့နဲ့ပတ်သက်လို့ အွန်လိုင်းမှာ ပွဲဆူနေပါတယ်။ ဒီထမိန်တွေကို အွန်လိုင်းကနေရောင်းချနေတာဖြစ်ပါတယ်။ တန်ဆောင်တိုင်ဆိုတာ ဘာကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားကြသလဲဆိုတာ အနည်းငယ်တင်ပြလိုပါတယ်။
မြတ်စွာဘုရားသည် သတ္တအကြိမ်မြောက်ဝါကပ်ခြင်းကို တာဝတိံသာနတ်ပြည်တွင် ဝါကပ်တော်မူပါတယ်။ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ်သားကို အမှူးပြုပြီး စင်္ကြဝဠာအနှံ့က နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာတရားတော်မြတ်ကြီးကိုဟောကြားခဲ့ပြီး ဝါကျွတ်တဲ့ သတင်းကျွတ်လပြည့်နေ့မှာ နတ်ဗြဟ္မာအပေါင်းတို့ မီးရောင်စုံတို့ဖြင့် ပူဇော်မှု့ကို ခံယူလျှက် လူ့ပြည်ကို ပြန်လည်ကြွမြန်းတော်မူတဲ့နေ့ဖြစ်ပါတယ်။ မြတ်စွာဘုရား လူပြည်ကိုဆင်းသက်လာခြင်းကို ရည်စူးလျှက် သီတင်းကျွတ်ကာလတွင် ဆီမီးများထွန်းညှိပူဇော်ကြပါတယ်။
တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
သီတင်းကျွတ်လပြည့်နှင့် တန်ဆောင်တိုင်လပြည့်နေ့များတွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘိုးဘွားမိဘဆရာသမားများကို ပူဇော်ကန်တော့ခြင်း၊ သံဃာတော်များကို ကထိန်သင်္ကန်းများဆက်ကပ်ပူဇော်ကြခြင်း၊ လူငယ်လူရွယ်များမှလည်း ပျော်ရွှင်စွာသီဆိုပြီး မုန့်ကျွေးခြင်း မုန့်ဖိုးပေးခြင်းတို့ဖြင့် ချစ်စရာ၊ ကြည်နူးစရာ အလေးထားတန်ဖိုးထားကြတဲ့ ရိုးရာယဉ်ကျေးမှုတွေဖြစ်ပါတယ်။ ယခုလို မြန်နိုင်ငံသားတို့ အထွဋ်အမြတ်တန်ဖိုးထားကြတဲ့ ရိုးရာဓလေ့ သီတင်းကျွတ်တန်ဆောင်တိုင်ပွဲ ပုံများကို ထမိန်အောက်နားမှာ ပုံရိုက်ရောင်းချခြင်းမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးများရဲ့ ယဉ်ကျေးမှု့ကို နင်ခြေလိုက်ခြင်းပဲဖြစ်ပါတယ်။
ဒီစာကိုဖတ်နေတဲ့မိတ်ဆွေအနေနဲ့ ဘာသာဖြစ်နေလို့ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် အထက်ဖော်ပြပါအချက်အလက်တွေဟာ အပိုတွေလို့ထင်ချင်ထင်နိုင်ပါတယ်။ အဲလိုဆိုရင် မိတ်ဆွေအလေးအမြတ်တန်ဖိုးထားအပ်တဲ့ အရာကို ထမိန်နားမှာပုံနှိပ်ပြီး မိန်းမတွေကို ဝတ်ဆင်မယ်ဆိုရင် ဘယ်လိုခံစားရမလဲဗျာ။ လောကကြီးမှာ အဝတ်အစားဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး အများကြီးရှိပါတယ်။ နိုင်ငံတစ်ခု လူမျိုးတစ်ခု ဘာသာတစ်ခုအလေးထားအပ်တဲ့ ပုံရိပ်ကို အခုလိုမပြုမူသင့်ပါကြောင်းနဲ့ ညီမငယ်တွေလည်း ဆင်ခြင်နားလည်ပေးစေလိုပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေဗျာ။
Leave a Reply