ပိန္နဲသီးတွေ နိမ့်နိမ့်လေးမှာသီးအောင် ပိန္နဲပင် သပ်ရိုက်နည်း

ပိန္နဲသီးတွေ နိမ့်နိမ့်လေးမှာသီးအောင် ပိန္နဲပင် သပ်ရိုက်နည်း


ရာသီပေါ်မှာ ပိန္နဲသီး ခပ်လတ်လတ် တစ်လုံးဆိုရင် ကျပ် ၃၀၀၀-၅၀၀၀ ထိ ဈေးပေါက်တာ တွေ့ရပါတယ်။ ပိန္နဲပင်ကို မိမိအိမ်ခြံ ဒါမှမဟုတ် လယ်ကွင်း၊ ခြံတဲကုန်း စတဲ့ မြေကွက်လပ်မှာ စိုက်ပျိုးထားမယ်ဆိုရင် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရနိုင်တဲ့အပင်ဖြစ်ပါတယ်။ ဒါပေမယ့် စိုက်တဲ့ပိန္နဲပင်က အသီးသီးဖို့ အရေးကြီးပါတယ်။ အသီးမသီးရင်တော့ အချိန်ကုန် လူပန်းဖြစ်နေမှာ သေချာပါတယ်။

ပိန္နဲပင်ဟာ အကိုင်း၊ အခက်တွေက အသီးသီးတဲ့ အပင်မျိုး မဟုတ်ပါ။ ပင်မပင်စည်မှ ဖူးတံထွက်ပြီး အသီးသီးတဲ့ အပင်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပင်မပင်စည်ကနေ အပွင့်ဖူးထွက်အောင် ဖန်တီးပေးဖို့ လိုပါတယ်။ တချို့ကတော့ ပိန္နဲပင်စည်အခြေမှ ငါးပေ၊ ခြောက်ပေလောက်မှာ ပင်စည်ကို ပတ်ပြီး ဓားနဲ့ထစ်ကာ ပိန္နဲပွင့်ဖူးထွက်အောင်လုပ်တဲ့ နည်းပညာကို အသုံးပြုကြပါတယ်။ ဒီနည်းပညာဟာလည်း နှစ်စဉ် ဓားနဲ့ထစ်ပါများလာတော့ အပင်နာပြီး သေလွယ်တယ်လို့ သိရပါတယ်။

နောက် အခုခေတ်ပေါ် နောက်တစ်နည်းကတော့ ပိန္နဲပင်စည်အခြေမှ ငါးပေ၊ ခြောက်ပေ အမြင့်လောက်မှာ ပင်စည်ပတ်ပတ်လည် သစ်သားသပ်ရိုက်သွင်းတဲ့ နည်းစနစ်ပါပဲ။ ဒီနည်းဟာ ထိုင်းနိုင်ငံမှာလည်း အသုံးပြုတာ တွေ့ရပါတယ်။ ပိန္နဲပင် သက်တမ်းဟာ အနည်းဆုံး ၁၀ နှစ်ရှိပါတယ်။ ပင်စည်လုံးပတ် အချင်း ရှစ်လက်မ၊ ၁၀ လက်မကျော်ခန့်ရှိဖို့ လိုပါတယ်။

သပ်ရိုက်တဲ့ ရာသီကတော့ မိုးဦးကျ၊ မိုးစရွာတဲ့ မေလ၊ ဇွန်လမှာ ပိန္နဲပင်ကို သပ်ရိုက်သွင်းရပါမယ်။ ပိန္နဲပင်ကို သပ်ရိုက်မသွင်းမီ အပင်ကို နွားချေး၊ မြေဆွေးနဲ့ ၁၅း၁၅း၁၅ အချိုး ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် ဓာတ်မြေသြဇာတွေကို တစ်ပင် နို့ဆီဘူးတစ်ဘူးနှုန်းရောပြီး နှစ်ပတ်ကြိုတင်အစာကျွေးထားဖို့ လိုပါတယ်။

ရိုက်သွင်းမယ့်သပ်ကို အသားမာတဲ့ (မဆွေးသွားနိုင်တဲ့) ပျဉ်းကတိုးသစ်လို သစ်မာကို အသုံးပြုရမှာ ဖြစ်ပါတယ်။ သပ်အရွယ်အစားကတော့ အရှည်သုံးလက်မခန့်၊ အလုံးဝါးတူခန့် (ထမင်း၊ ဟင်း စားတဲ့တူ) ပြုလုပ်ပြီး ထိပ်တစ်ဖက်ကို ချွန်ပေးရပါမယ်။ ၎င်းချွန်ထားတဲ့ သပ်ချောင်းလေးများကို ပိန္နဲပင်အခြေမှ ငါးပေ၊ ခြောက်ပေခန့်အမြင့်မှာ သပ်တစ်ချောင်းနဲ့တစ်ချောင်း ရှစ်လက်မ၊ ၁၀ လက်မခန့်ခွာပြီး ကျပန်းရိုက်သွင်းရပါမယ်။ ပိန္နဲတစ်ပင်ကို အနည်းဆုံး ခြောက်ချောင်း၊ ရှစ်ချောင်းထိ ရိုက်သွင်းနိုင်ပါတယ်။

သပ်ကို ရိုက်သွင်းတဲ့အခါမှာ သပ်ရဲ့အရှည်အားလုံး ပင်စည်ထဲထိ မြုပ်သွားအောင် ရိုက်သွင်းဖို့လိုပါတယ်။ ရိုက်တဲ့ကိရိယာ (တူ သို့မဟုတ် လက်ရိုက်တုတ်) နဲ့ ပင်စည်ထိပြီး အခေါက်ဒဏ်ရာမဖြစ်အောင် ဂရုစိုက်ရိုက်သွင်းဖို့ လိုပါတယ်။ ပင်စည်အခေါက် ဒဏ်ရာရရင် အဲဒီနေရာကနေ ရေဝင်ပြီး အခေါက်ပုပ်သွားနိုင်ပါတယ်။ ဒီပိန္နဲပင်စည်ကို သပ်ရိုက်ထားပြီး နှစ်ပတ်ကြာလာရင် သပ်ရိုက်ထားတဲ့ဝန်းကျင် ပင်စည်ကနေ အဖူး၊ အစို့များ ထွက်လာပြီး အပွင့်ပွင့်၊ အသီးသီးမှာ ဖြစ်ပါတယ်။ ကဲ . . . စမ်းကြည့်လိုက်ပေါ့ဗျာ။

(မှတ်ချက်။ သပ်ရိုက်တဲ့အခါ ကျွန်း၊ ပျဥ်းကတိုးအသားနဲ့ရိုက်ပါ။ ကျွန်းသားကတော့ ပိုကောင်းပါတယ်နော်။ ပိန္နဲအသီးကို အမှည့်မြန်ချင်တဲ့အခါ ကျွန်းသားနဲ့ အညှာကပ်လျက် သပ်ရိုက်ပါ အမှည့်မြန်ပါတယ်။)

အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်
ပြန်လည်မျှဝေခြင်းများသာ

 

ပိန္နဲပင်သပ်ရိုက်နည်း သိချင်သူတွေအတွက်ပါ…

ကျွန်မကတော့ မနှစ်ကလည်း ဒီလိုပဲ ၆ လက္မလောက်ခြားပြီး ရိုက်ထားတာပဲ။ အရမ်းလည်းသီးပါတယ်။ အလုံးလည်းကြီးတယ်။ မြေပြင်မှ ၄ ပေလောက် အမြင့်ကနေ ကျွန်မ လက်တစ်ဆုံးတော့ ရိုက်ထားတာပဲ။

ပိန္နဲပင်ကို ဘာလို့သပ်ရိုက်ရသလဲဆိုရင် အပင်အမြင့်ပိုင်းမှာ အသီးမသီးအောင်လို့ပါ။ ကျွန်မလက်တွေ့ ရိုက်ကြည့်ပြီးပါပြီ။ အဲဒီ သပ်ရဲ့အထက်ပိုင်းမှာ သီးလည်း ၂ လုံး ၃ လုံးထက် မပိုပါဘူး။ ပိန္နဲပင်များရှိရင် ဒီနည်းအတိုင်း သပ်ရိုက်ကြည့်ပါ။ နိမ့်နိမ့်လေးမှာရော မြေပြင်ပေါ်မှာရော သီးပါတယ်လို။

နည်းပညာ မျှဝေပေးသော ဆရာများ Credit ပါရှင်။ ကျွန်မအပင်က သေးသေး၊ လူက ပုပုနဲ့ မှီသလောက်တော့ ရိုက်ထားတာပဲ။ ဒါပေမယ့် အသီးကတော့ ရှယ်သီးတာနော်။ ချစ်သောတို့ စမ်းသပ်ကြည့်ပါ။

SanSanHtay (မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်ရှင်…)

(မှတ်ချက်။ သပ်ရိုက်တဲ့အခါ ကျွန်း၊ ပျဥ်းကတိုးအသားနဲ့ရိုက်ပါ။ ကျွန်းသားကတော့ ပိုကောင်းပါတယ်နော်။ ပိန္နဲအသီးကို အမှည့်မြန်ချင်တဲ့အခါ ကျွန်းသားနဲ့ အညှာကပ်လျက် သပ်ရိုက်ပါ အမှည့်မြန်ပါတယ်။)

Be the first to comment

Leave a Reply

Your email address will not be published.


*