
ငှက်ပျော စနစ်တကျ စိုက်ပျိုးနည်း
၁။ မြေအမျိုးအစား
မြေသားနက်ရှိုင်း၍ ရေစိမ့်စီးမှုကောင်းသော နှုန်းမြေဖြစ်ပြီးမြေဆီဩဇာ ပြည့်စုံသောမြေသည် အကောင်းဆုံး ဖြစ်သည်။ မြေအချဉ်အငံဓာတ် အနည်းငယ်မြင့်သောမြေတွင် ဆားဓာတ်ပါဝင်မှု(၀.၀၅%) ထက် များသော ဆားပေါက်မြေတွင် မစိုက်ပျိုးသင့်ပါ။
၂။ ရာသီဥတု
အပူချိန် (၁၀-၄၀) စင်တီဂရိတ်အတွင်းကောင်းစွာပေါက်ရောက်သည်။ ပျှမ်းမျှအပူချိန် (၂၆.၇) စင်တီဂရိတ်နှင့် လစဉ် မိုးရေချိန် (၁၀) စင်တီမီတာခန့်သည် အကောင်းဆုံးဖြစ်သည်။ ဆီးနှင်းကျခြင်းသည် အပင်ကြီးထွားမှုကို ထိခိုက်စေသည်။ လေပူများပြင်းထန်စွာ တိုက်ခတ်ပါက ငှက်ပျောပင်များအား အနာတရဖြစ်စေသည်။ ထို့ကြောင့် လေကာပင်များ စိုက်ပျိုးရန်လိုအပ်သည်။
၃။ ငှက်ပျောစိုက်ပျိုးသင့်သော မြေ
ငှက်ပျောသည် မြေအမျိုးမျိုးအပေါ်တွင်စိုက်ပျိုးဖြစ်ထွန်းသည်။ ငှက်ပျောစိုက်ပျိုးသောမြေသည် သဲနုန်းဆန်သောမြေသား၊ နုံးဆန်သော ရွံ့မြေသား၊ မြေချဉ်ငံဓာတ် ၆ မှ ၇.၅ အတွင်း စိုက်ပျိုးသင့်သည်။ ရွံ့စေးမြေ၊ သဲမြေ၊ ဆားပေါက်မြေ၊ ထုံးပေါက်မြေ မဖြစ်သင့်ပါ။ အစိုဓာတ်ရှိပြီး မြေဆီ မြေနှစ်ကောင်းရမည့်အပြင် ရေသွင်းရေထုတ် ကောင်းမွန်တဲ့မြေနေရာ တစ်ခု ဖြစ်ရပါမယ်။
၄။ မျိုးပွားခြင်း
သားတက်ဖြင့် မျိုးပွားကြသည်။ ယခုအခါ အပင်တစ်သျှူးမျိုးပွားနည်းဖြင့်လည်း မျိုးပွားလာကြပြီးဖြစ်သည်။ သားတက်တွင် လှံစို့သားတက်နှင့် ရေစို့သားတက် ဟူ၍ ရှိပါသည်။ လှံစို့သားတက်သည် ပင်ခြေပိုင်းတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး အစောပိုင်းကာလတွင် အရွက်မှာ လှံသွားပုံသေးရှည်သော ရွက်ပြားပါရှိသည်။ ရေစို့သားတက်မှာ ရွက်ပြားကြီးသည်။ လှံစို့သားတက်သည် (၁၁)လနှင့် အခိုင်ကျပြီး၊ ရေစို့သားတက်မှာ (၁၅)လကြာမှသာအခိုင်ကျသည်။ ရွေးချယ်ထားသောသားတက်၏ အမြစ်များနှင့် အသားပိုများအား ကတုံးတုန်းပြီး သားတက်ခေါင်းကို ရွှံ့ရည်တွင်နှစ်စိမ်ပါ။ ထို့နောက် သားတက်တစ်ခုကိုfuradanဆေးအစေ့ခဲ (၂၀-၄၀) ဂရမ်နှုန်းပက်ဖြူးပေးခြင်းဖြင့် မြေတွင်းအောင်းပိုးနှင့် နီမတုတ်ကိုကာကွယ်ပါ။
မစိုက်ပျိုးမီ သားတက်ကို ၃-၄ ရက် အထိ အရိပ်အောက်မှာ ခေတ္တအခြောက်ခံထားပြီး စိုက်ပျိုးချိန်တွင် အပင်ခြေမှ ၂ ပေချန်ပြီး အပင်ကို ပိုတက်ဆီယမ် ပါမင်းဂနိတ် ရောနှောထားသောရေတွင် စိမ်ပြီးမှ စိုက်ပျိုးကြပါ။ မိုးဦးမကျခင် မေလဆန်းပိုင်းမှာ စိုက်ရင် မိုးရွာချိန် အမြစ်သစ်ထွက်ပြီး ဖြစ်တဲ့အတွက်သားတက်မပုပ်တော့ပါ။ ဒါကြောင့် မစိုက်မီ ၂ လ ကြိုတင်ပြီး စိုက်ကျင်းပေါ် မြေဆွေးထည့်ရပါမည်။
အပင်တစ်သျှူးမျိုးပွားနည်းဖြင့် စိုက်ပျိုးရာတွင် ငွေကြေးစိုက်ထုတ်ရန် အခက်အခဲရှိနိုင်သော်လည်း တစ်သျှူးဖြင့် မျိုးပွားထားသော ငှက်ပျောသည် ပနားမားရောဂါ ရွက်ပြောက်ရောဂါမှ အစ ဗိုင်းရပ်ရောဂါ ကင်းစင်နေသည့်အတွက် အရည်အသွေးပြည့်ဝသော ငှက်ပျောခိုင်ကို ထုတ်လုပ်နိုင်ပါသည်။ ထိုကဲ့သို့ ငှက်ပျောမျိုးသည် သက်တမ်းအားဖြင့် စောစီးစွာ သီးခိုင်ထွက်ပေါ်ပြီးနောက် အချိန်တစ်နှစ်ပတ်လုံး ဝယ်ယူစိုက်ပျိုးနိုင်ပါသည်။ မိခင်ပင်မှ အခိုင်ခုတ်သိမ်းပြီးနောက် သားဆက် (၂) ဆက် အထိ အသီးအခိုင်အထွက်နှုန်း အရည်အသွေး အလျော့ကျစေဘဲ ဆက်လက်ထိန်းသိမ်းနိုင်ပါသည်။
ငှက်ပျောမျိုးအရွယ်အစား ညီညာစွာ ထုတ်လုပ်နိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ အသီးခိုင်ခုတ်ပြီး ပင်စည်ယောင်ဖြစ်သည့် ရွက်ညာပြားနွမ်းတဲ့ အချိန် ဗိုင်းရပ်အပါအဝင် ရောဂါကငိးစင်သော အပင်ကို သတိပြုပြီး ငှက်ပျောခေါင်းများကို တူးယူပါ။ ပင်ပိုင်းဖူးပါသော နေရာကို ခွဲချပါ သို့မဟုတ် ၎င်းအတိုင်း လွှစာမှုန့် မြုပ်စိုက်ပါ။
ငှက်ပျောခေါင်းမှ အတက်များထွက်လာပြီး အမြစ်သစ်စတင်ထွက်ပေါ်ချိန်မှာ ဖဲ့ထုတ်ပြီး အမြစ်သစ် စတင်ထွက်ပေါ်ချိန်မှာ ဖဲ့ထုတ်ပြီး ပျိုးအိတ်ဖြင့် နောက်ထပ်ပျိုးထောင်ပေးခြင်းဖြင့် ငှက်ပျောခိုင်ထွက်ပေါ်မှု တညီတညာတည်း ရရှိစေမှာ ဖြစ်ပါတယ်။
၅။ မြေပြုပြင်ခြင်း
ငှက်ပျောစိုက်ခင်းဟာ နှစ်ပေါင်းများစွာ ထားရှိပြီး အသီးခူးဆွတ် ရိတ်သိမ်းနိုင်ပါသည်။ သို့သော်လည်း အရည်အသွေးကောင်းအောင် ထုတ်လုပ်ဖို့ဆိုရင် (၇-၁၀) နှစ်အတွင်မှာ ငှက်ပျောပင်အုံများကို ပြန်လည်တူးဖော်ပြီး ၂ နှစ်မျှကြအောင် ပဲမျိုးစုံပင်များစိုက်ပျိုးပေးကြရမည်။ ၂ နှစ်ကျော်သောအခါ သစ်စိမ်းမြေသြဇာအဖြစ် မြေကြီးသို့ နှစ်မြုပ်ပေးကာ မြေပြုပြင်ခြင်း ပြုလုပ်သင့်သည်။
မြေယာထွန်ယက်ခြင်းတွင် ထက်နက်နက်ထိုးပြီး ထွန်မွှေကာမြေညှိပါ။ ကျင်းအကျယ်(၆၀) စင်တီမီတာ (၂၃ ပေ) ပတ်လည်တူးပါ။ ဆွေးမြေပြီးသော စပါးခွံ၊ သစ်ရွက်ဆွေးမြေ၊ နွားချေး၊ မြေဆွေး (၂၀-၃၀) ကီလိုဂရမ်(၁၂ – ၁၈ ပိဿာ)၊ တမာကြိတ်ဖတ် ၂၅၀ ဂရမ် (၁၅ ကျပ်သား) နှင့် မြေအောင်းပိုး၊ နီမတုတ် နှိမ်နင်းနိုင်ရန်အတွက် carbofuran ၂၀ ဂရမ် (ဟင်းစားဇွန်း ၂ ဇွန်း) ကို အပေါ်ယံမြေနှင့်ရော၍ စိုက်ကျင်းတွင် ထည့်ကြပါတယ်။
၆။ စိုက်ပျိုးခြင်း
အပင်မြင့်မျိုးများကို အနည်းဆုံး (၂.၁×၂.၁) မီတာ (၇) ပေ ပတ်လည်အထိ ပင်ကြားတန်းကြား အကွာအဝေး ထားရမည်။ အပင်သိပ်သည်းစွာစိုက်စနစ်တွင် (၁.၅×၁.၅) မီတာပတ်လည် စိုက်ပျိုးလျှင် တစ်ဧကအပင် (၁၇၉၉)ပင် ဝင်ဆံ့သဖြင့် အထွက်နှုန်းမြင့်မားစေပါသည်။ အအေးလွန်ကဲသည့် ဆောင်းရာသီနှင့် မိုးများစွာရွာသည့်ကာလမှလွဲ၍ ကျန်အချိန်များတွင် စိုက်ပျိုးပါ။
၇။ မြေဩဇာနှုန်ထား
စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေး (၂၀)ကီလိုဂရမ် (၁၂ ပိဿာ)၊ ဒိုလိုမိုဒ် ထုံးကျောက်မှုန့် (၀.၅)ကီလိုဂရမ် (၃၀ ကျပ်သား)၊ တီစူပါ (၇၅)ဂရမ် (၄ ကျပ်သားခွဲ) ကို အပေါ်ယံမြေနှင့် ရောပြီး အပင်မစိုက်ပျိုးမီ ကျင်းတွင်ထည့်ပါ။ စိုက်ပျိုးထားသော အပင်များ အမြစ်စွဲလျှင် တစ်ပင်လျှင် ယူရီးယား (၄၃၅) ဂရမ် (၂၆ ကျပ်သား)၊ တီစူပါ (၂၁၀) ဂရမ် (၁၂ ကျပ်သား)၊ ပိုတက်(၃၂၀) ဂရမ် (၁၉ ကျပ်သား) နှုန်းထည့်သွင်းပေးပါ။ ပထမနှစ် လမိုင်းခင်းတွင် တစ်ပင်ကိုယူရီးယား (၁၁၀) ဂရမ် (၆ ကျပ်သား) နှုန်း ထည့်သွင်းပေးပါ။ ဒုတိယနှစ် လမိုင်းခင်းတွင် တစ်ပင်ကိုယူရီးယား (၁၁၀) ဂရမ်(၆ ကျပ်သား) နှုန်း ထည့်သွင်းပေးပါ။ ယူရီးယားကို (၃၀)ရက်၊ (၇၅) ရက်၊ (၁၂၀) ရက်နှင့် (၁၆၅) ရက် ခြား၍ အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းပေးပါ။ ပိုတက်ကို (၇၅)နှင့် (၁၆၅) ရက်ခြား၍ နှစ်ကြိမ်ခွဲထည့်သွင်းပါ။ ဓာတ်မြေဩဇာ ထည့်သွင်းခြင်းကို ငှက်ပျောဖူး မထွက်မီ (စိုက်ပြီး ၅-၆ လအကြာ) အပြီးဆောင်ရွက်ပါ။
၈။ သားတက်များ ဖယ်ရှားခြင်း
ပန်းပွင့်ချိန်အထိ မိခင်အပင်မှ သားတက်အားလုံးကို ဖယ်ရှားပေးပါ။ ပန်းပွင့်ပြီးနောက် သားတက်တစ်ခုသာ ထားရှိပါ။ အပင်ဦးရေသိပ်သည်းစွာ စိုက်သည့်စနစ်တွင် အခင်းသစ်၌ ငှက်ပျောခိုင် (၇၅-၈၀)% ခုတ်ပြီးသည်အထိ သားတက်များကို ထားရှိနိုင်ပါသည်။
၉။ အပင်ပြုစုရာတွင် သတိပြုရမည့်အချက်များ
ပေါင်းမြက်ရှင်းလင်းရာတွင် အမြစ်ထိခိုက်မှု မရှိစေရန် ဂရုစိုက်ဆောင်ရွက်ပါ။ မိုးရာသီတွင် ရေစိမ့်ဆင်းမှု ကောင်းရန်နှင့် အပင်ခြေရေမဝပ်စေရန် အပင်ခြေကိုမြေဖို့ပေးပါ။ သို့ရာတွင် နွေနှင့်ဆောင်းရာသီတွင် အပင်များကိုရေပေးသွင်းနိုင်ရန် ဆောင်ရွက်ပါ။ သီးခိုင်ထွက်လာလျှင် ဝါးဖြင့် ကျားကန်ထောက်ပေးပါ။ နေလောင်ခြင်း၊ ဖုန်တင်ခြင်းမရှိစေရန်နှင့် အသီးအရောင်လှပစေရန် အပြာရောင် ပလတ်စတစ်အိတ်ဖြင့်စွပ်ပေးပါ။
ခြောက်သွေ့ဆွေးမြေ့နေသောအရွက်များနှင့် အပင်အစိတ်အပိုင်းများအားဖယ်ရှားပေးပါ။ အသီးကြီးထွားရန် ငှက်ပျောဖူး (အဖိုဖူး) အားဖြတ်ပေးပါ။ စီးပွားရေးတွက်ခြေကိုက်ရန် ငှက်ပျောခင်းအား (၃-၅) နှစ်အထိသာထားပြီးအသစ်ပြန်စိုက်ပါ။ အသီးခိုင်ခုတ်ပြီး (၃၀-၄၅) ရက်အထိပင်စည်မကို အရင်းမှ မခုတ်ဘဲ နည်းနည်းချင်း ဖြတ်ပေးပါ။ ပင်စည်မ မှ အစာအာဟာရများသည် ကြီးထွားနေသောလမိုင်းအပင် (သားတက်) ကြီးထွားမှုအတွက် အထောက်အကူဖြစ်စေပါသည်။
Leave a Reply