အရောင်အသွေး အစုံအလင်နှင့် လှပသော မေမြို့ပန်း စိုက်ပျိုးနည်း

အရောင်အသွေး အစုံအလင်နှင့် လှပသော မေမြို့ပန်း စိုက်ပျိုးနည်း

မေမြို့ပန်းဟုခေါ်သော Aster ပန်းများသည် အရောင်အသွေး လှပမှုဖြင့် လူတို့၏ စိတ်နှလုံးကို ပျော်ရွှင် အေးချမ်းစေ သကဲ့သို့ ပျားနှင့်လိပ်ပြာတို့ကိုလည်း ဆွဲဆောင်သည်။ ဘုရာပန်း၊ အလှူ၊ မင်္ဂလာဆောင် ဧည့်ခံပွဲများတွင်လည်း အမြတ်တနိုးထား အလှဆင်ကြသည်။

မေမြို့ပန်းသည် အခိုင်လိုက် အစုလိုက် ပွင့်သော ပန်းဖြစ်ပြီး အရောင်အားဖြင့် အဖြူ၊ အနီ၊ ပန်းရောင်၊ ဗေဒါရောင် တို့ရှိသည်။ အပင်အမြင့် ၁-၃ ပေရှိပြီး ဘေးသို့ ၂-၄ ပေ ကျယ်ပြန့်ကာ ထောင်မတ်ပြီး ပေါက်သော အပင်ဖြစ်သည်။

၁။ မျိုး

မြန်မာနိုင်ငံတွင် Aster အဖြူ နှင့် Color မျိုးစေ့ပုလင်းများ မှာယူ၍ စိုက်ပျိုးကြပါသည်။ ရိုးစိမ်းအဖြူ ၊ ကျောက်နီ၊ ချင်းမိုင် စသည်ဖြင့် အပွင့်အရောင်၊ ပန်းပွင့်ပုံကို မူတည်၍ မြန်မာအခေါ်များရှိသည်။ အပင်အမြင့် ၈ လက်မ ( ၂၀ စင်တီမီတာ ) ရှိသော အပင်ပုမျိုး၊ အပင်အမြင့် ၁၆ လက်မ (၄၀ စင်တီမီတာ) ရှိသော အပင်မျိုး၊ အပင်အမြင့် ၂၇လက်မ ( ၆၀ စင်တီမီတာ ) ရှိသော အပင်မျိုး၊ ဟူ၍ ရှိပါသည်။

၂။ ရာသီဥတု

နေရောင် အပြည့်အဝရရှိမှုကို ကြိုက်နှစ်သက်သော်လည်း မြင့်မားလွန်းသော အပူချိန်က ပန်းပွင့်ခြင်းကို နှောင့်နှေး ကြန့်ကြာစေပါသည်။ မိုးဆက်တိုက် ရွာသောအခါ၊ အေးလွန်းသောအခါ များတွင် ပန်းပွင့်ခြင့်ကို လျော့ကျစေပါသည်။

၃။ မြေအမျိုးအစား

မည်သည့်မြေအမျိုးအစားတွင်မဆို ရှင်သန်ပေါက်ရောက်နိုင်သော်လည်း ခြောက်သွေ့ပြီးမြေဆီ ညံဖျင်းပါက ပန်းအနည်းငယ်သာ ပွင့်ပါမည်။ ရေငတ်ဒဏ်ကို အနည်းငယ် ခံနိုင်ရည်ရှိသည်။ ပန်းပွင့်ခြင်း အထွက်ကောင်းစေရန် အရည်အသွေး အရောင်ကောင်းမွန်သော ပန်းများရရှိရန် မြေ၏ စံ (၅.၅ – ၇) ရှိရန် လိုအပ်ပါသည်။ ရေစီးဆင်းမှုကောင်းမွန်သော သဘာဝမြေဩဇာများ ကြွယ်ဝသော မြေများဖြစ်ရန် လိုအပ်ပြီး ရေမဝပ်ရပါ။ ခြောက်သွေ့သော ရာသီတွင် ပုံမှန်ရေလောင်ပေးရန် လိုအပ်ပါသည်။

၄။ ပျိုးထောင်ခြင်း

မျိုးစေ့များမှ ပျိုးထောင်စိုက်ပျိုးခြင်းကို ပြုလုပ်ကြပါသည်။ မျိုးပုလင်း ( တစ်ဂါလံ ၄ ပုလင်းဝင် ပုလင်း အရွယ်အစား) တစ်ပုလင်းလျှင် ၁၅၀ဝဝ ကျပ် ဖြစ်ပါသည်။ မျိုးပေါ်မူတည်ပြီး မျိုးပုလင်း တန်ဖိုး ကွာခြားမှုရှိပါသည်။ တစ်ဧကလျှင် မျိုးပုလင်း အပင်ပေါက်နှုန်းပေါ် မူတည်ပြီး (၄-၅) ပုလင်းခန့် လိုအပ်ပါမည်။

မျိုးစေ့ သို့ ကိုင်းများမှ ပျိုးထောင် စိုက်ပျိုးနိုင်သည်။ ကိုင်းဖြတ်ခြင်းကို အောက်တိုဘာလ ပန်းပွင့်ပြီးသော အချိန်တွင် ပြုလုပ်နိုင်သည်။ များသောအားဖြင့် ပန်းမျိုးစေ့များမှ ပျိုးထောင် စိုက်ပျိုးပါသည်။ ပျိုးဘန်းနှင့် ပျိုးထောင်လျှင် ၁၅ ရက်၊ စိုက်ကွင်းအတွင်း စိုက်ဘောင် ပြုလုပ် ပျိုးထောင်လျှင်၂၀-၃၀ ရက်ကြာသည်။ အပူချိန် ၁၈-၂၁ ံC ( ၆၅-၇၅ ံF ) ပန်းမျိုးစေ့ အညှောင့်ပေါက်မှု အကောင်းဆုံး ဖြစ်သည်။

ပျိုးဘောင် အမြင့်များ ပြုလုပ်၍ မျိုးစေ့များကို ပျိုးထောင်ရမည် ဖြစ်ပြီး ပျိုးဘောင်များကို ရေမှန်မှန်လောင်းပေးရမည်။ ပျိုးထောင်ပြီး ပျိုးသက် ၇-၈ ပတ် ရှိသော ပျိုးပင်များကို စိုက်ဘောင်များသို့ ပြောင်းရွေ့ စိုက်ပျိုးရမည်။

၅။ စိုက်ပျိုးခြင်း

စိုက်ပျိုးမည့်မြေနေရာကို ထယ်နှစ်စပ်ထိုး၍ စိုက်ဘောင်အကျယ်အဝန်းအမြင့် ၃ ပေ ရှိသော ပေ ၂၀ စိုက်ဘောင်များ ပြုလုပ်ရမည် ဖြစ်ပါသည်။ တစ်ဧကလျှင် စိုက်ဘောင် ၄၈၀ ရရှိမည်ဖြစ်ပါသည်။ စိုက်ဘောင်များတွင် ကောင်းစွာဆွေးမြေ့သောမြေဆွေးများ ထည့်သွင်းရာတွင် နွားချေးဆွေး စိုက်ဘောင် တစ်ခုလျှင် ၃ ပြည် ထည့်သွင်းရမည်။

မြေခံအဖြစ် P နှင့် K များသော မြေဩဇာကို ထည့်ပေးပါ။ တစ်ဧကလျှင်မြေခံအဖြစ် ယူရီးယား ၆ kg/ha (တစ်ဧကလျှင် ၁၄၄ ပိဿာ)၊ တီစူပါ ၁၂ kg/ha (တစ်ဧက ၂၈၈ ပိဿာ) နှင့် ပိုတက် ၇၅ kg/ha (တစ်ဧက ၁၈၆ ပိဿာ) တို့ထည့်သွင်းရမည် ဖြစ်ပါသည်။ စိုက်ပြီး ၁ လသားအတွင်း အဖူးမဝင်ခင် ယူရီးယား ၆ kg/ha (တစ်ဧက ၁၄၄ ပိဿာ) ထည့်ပေးရန် လိုအပ်ပါသည်။
ပျိုးပင်များအား ပင်ကြားတန်းကြား ၁၈-၂၄ လက်မ အကွာ (မိမိ စိုက်ပျိုးမည့် မျိုးမှ ပန်းပွင့်မည့် အနေအထားပေါ် မူတည် ) စိုက်ပျိုးရပါမည်။

၆။ အပင်ပြုစုခြင်း

မိမိ စိုက်ပျိုးသည့်မျိုး၏ ပန်းပွင့်အနေအထားပေါ် မူတည်၍ ခေါင်နှိမ်ပေးရမည် ဖြစ်ပါသည်။ ခေါင်နှိမ်ခြင်းဖြင့် ပန်းပွင့်များ ရရှိမည့် ဘေးကိုင်းဖြာမှုကို ဖြစ်စေပါမည်။ နေရောင်ခြည်အပြည့်အဝရရှိပြီး ပင်ကြားတန်းကြား လေဝင်လေထွက်ကောင်းရန် ဖန်တီးပေးရန် လိုအပ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် Powndery Mildew မှိုရောဂါကို မဖြစ်ရန်အတွက် ကာကွယ်ပြီး ဖြစ်သည်။

P နှင့် K များသော မြေဩဇာကို အပင်ကြီးထွားချိန် ကာလတွင် နှစ်ကြိမ်ထည့်ပေးရန် လိုအပ်ပါသည်။ ပြောင်းရွေ့စိုက်ပျိုးပြီးသည်မှ ၃၀ ရက်သား ၊ စိုက်ဘောင်များပေါင်းရှင်းချိန် နှင့် အပင် အဖူးမဝင် ၄၅ ရက်သား တို့တွင် တစ်ကြိမ်စီ စိုက်ဘောင်တစ်ခုလျှင် နို့ဆီဘူး (၃) ဘူးနှုန်း ထည့်သွင်းနိုင်ပါသည်။

သဘာဝမြေဩဇာ၊ နွားချေး၊ ကြက်ချေး အလွယ်တကူ ဝယ်ယူရရှိသည့် စိုက်ပျိုးသူများအနေဖြင့် နွားချေး ကြက်ချေများကို ရေဖျော်ပြီး လောင်းနိုင်ပါသည်။ နွားချေး တစ်ပြည် ရေ (၂) ဂါလံနှုန်း ဖျော်လောင်းခြင်းကို နှစ်ပတ်တစ်ကြိမ် ထည့်သွင်းနိုင်ပါသည်။

ပေါင်းမြက်ကင်းရှင်းခြင်းကိုလည်း လုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။ စိုက်ပြီး တစ်လသားမှ စ၍ နှစ်ပတ် တစ်ကြိမ် လက်ပေါင်းလိုက်ခြင်း ပြုလုပ်ပေးရန် လိုအပ်ပါသည်။ လက်ပေါင်း လိုက်ခြင်းဖြင့် အပင်များ လေဝင်လေထွက်ကောင်းစေပြီး အပင်ကြီးထွားမှု ပိုပြီးမြန်စေပါသည်။ လက်ပေါင်း လိုက်ခြင်းသည် စီးပွားရေး တွက်မကိုက် ကုန်ကျစရိတ် များသဖြင့် ရွေးချယ်ပေါင်းသတ်ဆေးများကို သုံးစွဲ နိုင်သော်လည်း လက်ပေါင်းလိုက်မြေဆွခြင်းသည် အပင်ကြီးထွားမှု မြန်စေရန် အကောင်းဆုံးဖြစ်သည်။း

အပင်ဖြစ်ရန် လွယ်ကူသော်လည်း ပန်းပွင့်ရန်အတွက် ဂရုတစိုက်စောင့်ရှောက်ရသော ပန်းပင်ဖြစ်သည်။ အစိုဓာတ်သည် ပန်းပွင့်ခြင်းကို လွွှမ်းမိုးသည်။ ရေလောင်းခြင်းသည် အပင်ကိုသေစေနိုင်သလို ပန်းများပွင့်နှုန်းကောင်း၍ အထွက်တိုးစေသဖြင့် ရေလောင်းခြင်းကို ဂရုတစိုက် ပြုလုပ်ကြရန် လိုအပ်ပါသည်။ စိုထိုင်းဆ များလွန်းခြင်းနှင့် နည်းလွန်းခြင်း ကွာခြားချက်များပါက အပင်အောက် ရွက်ကြွေခြင်း (သို့) ပန်းကောင်းစွာ မပွင့်ခြင်းကို ဖြစ်စေပါသည်။ စိုထိုင်းဆ ကွာခြားချက် မများစေရန် ခြောက်သွေ့သောအခါ ရေကို ဂရုတစိုက်လောင်းရန် လိုအပ်ပါသည်။

အပင်ခြေတွင် သစ်ရွက်ဆွေးများ မြေဆွေးများ ၂ လက်မ အထူခန့် ပင်ခြေဖုံးပေးခြင်းဖြင့် မြေကြီး အစိုဓာတ်ကို ထိန်းနိုင် သကဲ့သို့ ပေါင်းမြက် ရှင်းလင်းရခြင်းကို သက်သာစေပါသည်။ ပင်ခြေ ဖုံးထားသောဘောင်များတွင် အပွင့်အရောင်ကောင်းမွန်စေမည့် ရွက်ဖြန်းမြေဩဇာကို တစ်လနှစ်ကြိမ် ထည့်သွင်းသုံးစွဲခြင်း ပြုသင့်ပါသည်။ မြေဆွေး ပင်ခြေဖုံးထားခြင်းဖြင့် မြေဩဇာများထည့်ရန် မလိုသကဲ့သို့ ပိုးများကိုလည်း ထိန်းချုပ်ထားပြီးသား ဖြစ်ပါသည်။

၇။ ပိုးမွှားရောဂါ

ပျ များ အရွက်အောက် မျက်နှာပြင်နှင့် အပွင့်ရိုးတံများတွင် ကျရောက်သည်။ ကျိုင်းကောင်များ အပင်ကို ကိုက်ဖြတ် စားသောက်သည်။ စုပ်စားပိုးများနှင့် ကျိုင်းကောင်များ ကာကွယ်ရန်မြေပြင်ချိန် ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ်ဆေး Carbofuran ကို အညွှန်းပါအတိုင်း ထည့်သွင်းပေးခြင်းဖြင့် ပြောင်းရွေ့ စိုက်ပြီး တစ်လအတွင်း ပိုးများ မကျရောက်ရန် ကာကွယ်နိုင်ပါမည်။

နောက်ပိုင်း ပိုးကျပါက ai.imidacloprid ပါဝင်သောပင်လုံးပြန့် ပိုးသတ်ဆေး ပက်ဖြန်းခြင်းနှင့် Carbofuran ထည့်သွင်းခြင်း စသဖြင့် ပြောင်းလဲသုံးစွဲနိုင်ပါသည်။ အရွက်များတွင် ရွက်ပြောက်ရောဂါများ ကျရောက်တတ်ပြီး မိုးရွာသည့်အခါ ပိုမိုဆိုးရွားစွာ ကျရောက်သည်။ ဒေါင်းနီးမှိုရောဂါများ အပင်အောက်ခြေ အရွက်များတွင် ကျရောက်တတ်သော်လည်း အပင်အထွက် ထိခိုက်မှုမရှိပါ။ Powndery Mildew မှိုရောဂါမှာ အပင်၏ အအောက်ခြေပိုင်းတွင် ကျရောက်တတ်ပြီး အရွက်ပေါ်တွင် အဖြူရောင်အလွှာ ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရပါမည်။ ဘက်တီးရိးယားကြောင့် ဖြစ်ပေါ်သော အပင်ခြေတွင် ဝိုင်းနေသော အလုံးများ မြေကြီးနှင့် နီးစပ်နေသောနေရာများတွင်တွေ့ရမည်။ အချင်းချင်းထိစပ်နေရာမှ ရောဂါရလွယ်သဖြင့် ရောဂါကျရောက်သောအပင်များကို ဖျက်ဆီးပစ်ရမည်။

မှိုကြောင့်ဖြစ်သော ရောဂါများကို ကာကွယ်ရန် Potassium, Phosphate နှင့် Sulphur ပါဝင်သော ရွက်ဖြန်းအားဆေးကို ဖြန်းခြင်းဖြင့် Potassium မှ အပွင့်ပိုင်းအားပေးပြီး Phosphrous(K) မှ အပင်ကို ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေပါသည်။ Sulphur မှ အပင်ကို မှိုရောဂါမှ ကာကွယ်ပေးပြီး အပင်အတွက် လိုအပ်သော ကန့်ဓာတ်ကို ရစေပါသည်။
သတိပြုရန်မှာ ဖြန်းရမည့်အချိန်မှာ နံနက် ၆ နာရီမှ ၁၁ နာရီအတွင်းဖြစ်ပြီး မည်သည့် မှိုသတ်ဆေးနှင့်မျှ ရောစပ်ပက်ဖြန်းခြင်း မပြုရပါ။ Sulphur မပါဝင်သော မှိုသတ်ဆေး သုံးစွဲမည်ဆိုပါက တစ်မျိုးတည်းသာ သုံးရပါမည်။ ထို့အပြင် မှိုရောဂါကို Copper ပါသော မှိုသတ်ဆေးကို သုံးစွဲနှိမ်နင်း နိုင်ပါသည်။

တစ်နည်းမှာ Potassium bicarbinate ပါဝင်သော မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း တစ်ဇွန်း၊ ဆပ်ပြာရည် လက်ဘက်စားဇွန်း တစ်ဝက်၊ ရေတစ်ဂါလံတွင် ထည့်ဖျော်င်္ပြီး ပက်ဖျန်းခြင်းဖြင့် အမေရိကန် ပန်းစိုက်ခင်း များတွင် မှိုရောဂါကို ကာကွယ်သည်ဟု ဆိုပါသည်။ စိုက်ဘောင်အတွင်း ရေမဝပ်စေရန် ဂရုပြုရပါမည်။

၈။ ခူးဆွတ် ရိတ်သိမ်းခြင်း

မြန်မာနိုင်ငံတွင် မေမြို့ပန်းများကို အပင်လိုက် နှုတ်စည်း၍ ဈေးများတွင် ရောင်းချကြသည်။ အပင်ကြီးထွားမှုနှင့် အပွင့် အရောင်သွေးပေါ် မူတည်ပြီး ဒေသအလိုက်ဈေးနှုန်း မတူကြပါ။ ဥပမာ အဖြူရောင်ပန်းများသည် အခြားအရောင်ပန်းများထက် ဈေးရရှိမှု လျော့နည်းပါသည်။ အပင်ငယ်များမှာ အပင်ကြီးများထက် ဈေးလျော့နည်းပါသည်။ လက်လီဈေးတွင် အပင်ကြီးများ နှစ်ပင်စီး တစ်စီးလျှင် ၅၀ဝ ကျပ် ဖြစ်ပြီး အပင်ငယ် ၅ ပင်ပါ တစ်စီးလျှင် ၂၀ဝ-၃၀ဝ ဖြစ်သည်။

တချို့ဒေသများတွင် အပင်အရေတွက် အရွယ်အစား အပင်လိုက်နှုတ်၍ရောင်းချသည်။ တချို့ဒေသ များတွင် အပင်လိုက်နှုတ်၍ လက်ဆုတ်စည်းများဖြင့် ရောင်းကြပါသည်။
တစ်ဧက အထွက်နှုန်းမှာ မိမိ စိုက်ပျိုးသော မျိုးအလိုက် ပင်ကြားတန်းကြားဖြင့် စိုက်ပျိုးသည့် အပင် အရေအတွက် ဝင်ဆန့်မှုပင် ဖြစ်ပါသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *