ထောပတ်ပဲ စိုက်ပျိုးနည်း

ထောပတ်ပဲ စိုက်ပျိုးနည်း

ထောပတ်ပဲအား ဒေသအချို့တွင် “မြီးတောက်ပဲ” သို့မဟုတ် “ပဲထောပတ်”ဟု ခေါ်ကြသည်။ ထောပတ်ပဲ၏ မူရင်းဒေသသည် တောင်အမေရိက (ပီရူးနိုင်ငံ) ဖြစ်ပြီး အင်္ဂလိပ်လို “Butter bean” “Lima bean”ဟုခေါ်သည်။ သိပ္ပံအမည်မှာ (Phaseolus lunatus) ဖြစ်သည်။ “Lima”ဆိုသည့် အမည်သည် ပီရူးနိုင်ငံ၏ မြို့တော် နာမည် ဖြစ်သည်။ သိပ္ပံအမည် “Phaseolus” သည် ဂရိဘာသာ စကားမှ ဆင်းသက်လာပြီး “လှေ၊ သင်္ဘော” ဟု အဓိပ္ပါယ်ရသည်။ သီးတောင့်သည် လှေပုံသဏ္ဍာန် ရှိသောကြောင့် ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ထောပတ်ပဲအား “Butter bean”ဟု ပင်ခေါ်တွင်သည်။

နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး အများအားဖြင့် တစ်ရာသီခံပင် အဖြစ် အစိုက်များသည်။ ကိုင်းဖြာ(သို့) အပင်ပြန့် ပုံစံနှင့် တိုင်တွင် တွယ်တက်သည့် တိုင်ထောင်ဟူ၍ အပင် ပုံစံ နှစ်မျိုး ရှိသည်။ ကိုင်းဖြာ(သို့) အပင်ပြန့်မျိုး၏ အစေ့သည် အနည်းသေးပြီး အပင်အမြင့် ၂ပေခန့် မြင့်သည်။ တိုင်ထောင်မျိုးများထက် စောစွာ သီးပွင့်သည်။

ထောပတ်ပဲ၏ အရွက်နုများ၊ သီးတောင့်နုများကိုလည်း ချက်ပြုတ် စားသုံးနိုင်သည်။ ထို့အပြင် ထောပတ်ပဲကို ပြုတ်၍သော်လည်းကောင်း၊ ပဲကြမ်းကြော် ပြုလုပ်၍သော်လည်းကောင်း၊ ပဲရေပွ ပြုလုပ်၍သော်လည်းကောင်း စားသုံးနိုင်သည်။ မိသားစု တစ်စု စားသုံးရန် အတွက် အပင်(၈)ပင်ခန့် ရှိလျှင် လုံလောက်သည်။ မြန်မာနိုင်ငံတွင် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြပြီး မကွေးတိုင်းဒေသကြီးမှ ထွက်သော ထောပတ်ပဲသည် အရည်အသွေး အလွန်ကောင်းသည်။

ရာသီဥတုနှင့်မြေ

းရေချိန် (၃၆-၆၀) လက်မ ရွာသွန်းသော ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ မြေချဉ်ငံကိန်း (၅.၈-၇.ဝ)၊ ရေဆင်းကောင်းသောမြေ၊ မြေသြဇာ အတော်အတန် ကြွယ်ဝသောမြေနှင့် နေရောင်ခြည်ကောင်းစွာ ရရှိသည့် နေရာများသည် အပင်ဖြစ်ထွန်းမှု အကောင်းဆုံး အခြေအနေ ဖြစ်သည်။ စိုက်ဘောင်များအား မစိုက်ပျိုးမီ မြေဆွေးများ ထည့်ထားပေးသင့်သည်။

ထောပတ်ပဲပင် ပင်ပြန့်မျိုးများသည် စိုက်ပျိုးပြီး ရက်ပေါင်း (၆၅) ရက်တွင် ခူးဆွတ်နိုင်ပြီး တိုင်ထောင် မျိုးများသည် ရက်ပေါင်း (၈၀-၁၀ဝ) ကြာမှ ခူးဆွတ်နိုင်သည်။ တစ်ခါတစ်ရံ ပူပြင်းသော ရာသီတွင် တိုင်ထောင်မျိုးများသည် စိုက်ပြီး (၇၅)ရက်ခန့် ရှိလျှင်ပင် စတင် ခူးဆွတ်လာနိုင်သည်။ အခြားဆောင်းသီးနှံများ ကဲ့သို့ပင် မိုးသီးနှံများ အပြီး ကျန်ရှိသော အစိုဓာတ်ဖြင့် စိုက်ပျိုးနိုင်သည်။

မျိုး

ထောပတ်ပဲသည် ပင်တည်း ဝတ်မှုန် ကူးသော မျိုးဖြစ်ပြီး ဝတ်ရည် အများအပြား ထုတ်ပေးသောကြောင့် ပျားများအား စွဲဆောင်မှု အလွန်ရှိသည်။ မိမိ မျိုးများအား အခြား မျိုးနှင့် မရောနှောလိုပါက စိုက်ခင်းဘေးတွင် အခြား ထောပတ်ပဲ အမျိုးအစားများ စိုက်ပျိုးခြင်းမှ ရှောင်ကျဉ်ရမည်။ အခြား မျိုးများအား တမိုင်ခန့် အကွာအဝေးမှ စိုက်ပျိုးခြင်းသည်ပင်လျှင် မျိုးရောနိုင်ပါသည်။

တိုင်ထောင် မျိုးများအတွက် မစိုက်ပျိုးမီ တိုင်များကို ဦးစွာထောင်ပါ။ မျိုးစေ့များကို မစိုက်ပျိုး မီရေစိမ်ခြင်းနှင့် စိုက်ပျိုးပြီး ရေများများ လောင်းခြင်းအား ရှောင်ရှားရမည်။ စိုက်ပျိုးမည့် မြေကြီး၏ နံနက်ခင်းပိုင်း အပူချိန်သည် (၁၀) ဒီဂရီ စင်တီဂရိတ်ခန့် အနည်းဆုံး ရှိနေရမည်။

ပင်ပြန့်မျိုးများကို ပင်ကြား (၁) ပေနှင့် တန်းကြား (၄) ပေ ထားပြီး တိုင်ထောင်မျိုးများအား ပင်ကြား (၈) လက်မနှင့် တန်းခြား (၂) ပေ ထား၍ စိုက်ပျိုးကြသည်။ မျိုးစေ့များကို မြေကြီးတွင် (၁) လက်မခွဲ (၂) လက်မ အနက်ခန့်တွင် စိုက်ပျိုးပါ။ (၁)ဧက စိုက်ပျိုးရန် အတွက် မျိုးစေ့ (၁၀)ပြည်မှ (၁) တင်းခန့် လိုအပ်မည် ဖြစ်သည်။

ရေနှင့် အပင် အာဟာရ

ထောပတ်ပဲ စိုက်ခင်းအား ပန်းပွင့်ချိန်နှင့် သီးတောင့်ဖြစ်ပေါ်သော အချိန်များတွင် မြေကြီး အစိုဓာတ် အညီအမျှ ရှိနေရန် အရေးကြီးသည်။ ပန်းပွင့်ချိန်မှာ ရေပန်းကဲ့သို့ အပေါ်မှ ရေလောင်းခြင်း၊ ရေဖျန်းခြင်း ပြုလုပ်ပါက အပွင့်နှင့် သီးတောင့်ငယ်များ ကြွေကျတတ်သည်။ မြေကြီး အပူချိန် မြင့်လာသောအခါ မြေတွင်း အစိုဓာတ်များ ဆုံးရှုံးတတ်သောကြောင့် မြေပြင်ပေါ်တွင် ကောက်ရိုးကဲ့သို့ အရာတခုခုဖြင့် ဖုံးအုပ်ပေးရန် လိုအပ်ပါသည်။

ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် ပုလဲနှင့် လက်ချား (ဘိုရွှန်)ကို ရောစပ်၍ ရွက်ဖြန်း မြေသြဇာ အဖြစ် တစ်ကြိမ် အသုံးပြုနိုင်ခြင်းဖြင့် ကုန်ကျစရိတ်လဲ သက်သာစေရုံသာမက အထွက်နှုန်း တိုးတက်စေပါသည်။ (အချိုး- ရေတစ်ဂါလံတွင် ပုလဲ ၄ ဇွန်းခွဲနှင့် လက်ချား ၁ ဇွန်းနှုန်း)

စိုက်ခင်း၏မြေတွင် နိုက်ထရိုဂျင်ဓာတ်များ ကြွယ်ဝနေပါက အပင်ဖြစ်ထွန်းမှု အားကောင်းနေပြီး အသီးတောင့်များ ဖြစ်ပေါ်မှု နည်းနေမည် ဖြစ်သည်။ ထောပတ်ပဲသည်လည်း အခြား ပဲများကဲ့သို့ပင် မြေကြီး အတွင်းသို့ နိုက်ထရိုဂျင်ဓာတ်များ ပြန်လည် ဖြည့်ပေးသည့် အပင် ဖြစ်သည်။ ထို့ကြောင့် ယူရီးယား(သို့) ပုလဲ ဓာတ်မြေသြဇာများ ထပ်မံ ဖြည့်စွက်ပေးရန် မလိုအပ်ပေ။ ကောင်းစွာဆွေးမြေ့နေသော မြေဆွေးများသာ ထည့်ပေးသင့်ပါသည်။ သာမန်မြေများ အတွက်ဖော်ပြပါမြေသြဇာနှုန်းထားအား တစ်ဧကစာ မပြင်ချိန်နှင့် ဘောင်တင်ချိန်များတွင် (၂) ကြိမ်ခွဲ မြေသြဇာ အချိုးသည် နိုက်ထရိုဂျင် ၁၇ ပိဿ၊ တတီစူပါ ၁၇ ပိဿ၊ ပိုကတ် ၂၈ ပိဿ ထည့်သွင်းပေးပါက ပိုမိုကောင်းမွန်မည်။

ရောဂါများနှင့်ပိုးမွှားများ

ထောပတ်ပဲပင်များတွင် ပင်စည်မှည့်ပေါက်စွန်းရောဂါများသည် ဆိုးရွားစွာ ကျရောက်တတ်သည်။ ထိုသို့ ကျရောက်ပါက ၎င်းစိုက်ခင်းတွင် ထောပတ်ပဲအား (၂)နှစ်ခန့် မစိုက်ဘဲ ထားရမည်။ ပျပိုးကောင်များကြောင့် အဝါရောင်မိုစေ့ ရောဂါများလည်း ကျရောက်တတ်သည်။ ခံနိုင်ရည်ရှိသော မျိုးများကို သာရွေးချယ် စိုက်ပျိုးခြင်း၊ သီးလှည့် စိုက်ပျိုးခြင်း တို့ကို ဆောင်ရွက်သင့်ပါသည်။

စိုက်ခင်းအား ပျ၊ လှေးကျိုင်းများ၊ ထွာကောင်များ၊ ရွက်စားပိုးများ၊ သီးတောင့်ထိုးပိုးများ ကျရောက်တတ်သောကြောင့် အမှိုက်သရိုက်များ ကင်းရှင်းအောင် ဆောင်ရွက်ထားသင့်သည်။ အချို့ပိုးကောင်များအား ပြင်းအားကောင်းသောရေဖြင့် ထိုးချကာ နှိမ်နင်းနိုင်သည်။ တမာ ပိုးသတ်ဆေးနှင့် ဘော်ဒိုဆေးရည်များ အသုံးပြုကာ ကာကွယ်နိုင်သည်။

သီးတောင့်တွင် အောက်ပါ အကြောင်းများကြောင့် အစေ့မတင်ခြင်းများ ဖြစ်ပေါ်သည်။

ပိုးမွှားရောဂါများ (စိုက်ခင်းအား သန့်ရှင်းစွာ ထားရမည်။ ရောဂါ ရရှိသော အပင်များအား နုတ်ပြီး သေချာ စွန့်ပစ်ရမည်။)
နိုက်ထရိုဂျင် အာဟာရ ဓာတ်လွန်ကဲခြင်း (ယူရီးယား ဓာတ်မြေသြဇာများ ထည့်သွင်းခြင်းအား ရှောင်ရှားပါ၊ မြေဆွေးများအား ဘောင်တင်၊ မြေတောင် မြှောက်သည့် ထည့်ပေးနိုင်ပါသည်။)
နေ့ အပူချိန်နှင့် ည အပူချိန်များ လွန်ကဲစွာမြင့်တက်ခြင်း (စိုက်ခင်းအားကောက်ရိုး စသည်တို့နှင့် ဖုံးအုပ်ပေးရန် လိုအပ်ပါသည်။
ရေလွန်ကဲစွာ သွင်းခြင်း (ရေဆင်းကောင်းရန်နှင့် လိုအပ်မှရေသွင်းခြင်းတို့ ပြုလုပ်ပါ။)

ရိတ်သိမ်းခြင်း

ထောပတ်ပဲအား သီးတောင့်ထဲမှ အသီးကို ယူသောကြောင့် ကောင်းစွာခြောက်သွေ့ရန် လိုအပ်သည်။ သို့မဟုတ်ပါက ထောပတ်ပဲသည် သေးပြီး၊ နုမှည့်သဘော ဖြစ်နေမည်။ ချက်ပြုတ်ဖို့လည်း ကောင်းမွန်မည် မဟုတ်ပါ။ ထို့ကြောင့် အလျင်စလို ခူးဆွတ်ခြင်း မလုပ်ဆောင်သင့်ပါ။ သီးတောင့်များ ဆူဖြိုး ကြီးထွားလာပြီး အဝါရောင် သို့ပြောင်းသွားသောအခါ (သို့) ခြောက်သွေ့ပြီး အညိုရောင်ပြောင်းသွားသောအခါ ခူးဆွတ် ရိတ်သိမ်းနိုင်သည်။ သို့သော် အစေ့များ ကွဲထွက်မသွားခင် ခူးဆွတ်ခြင်းဆောင်ရွက်ပါ။ အစေ့များအား အခြောက်လှန်းကာ အစိုဓါတ်ရာခိုင်နှုန်း (၁၄) အောက်တွင် ခြောက်သွေ့အေးမြပြီး အလင်းရောင် မရှိသောနေရာတွင် သိမ်းဆည်း ထားသင့်ပါသည်။ မျိုးအပေါ် မူတည်၍ အစေ့ (၁၀ဝဝ)၏ အလေးချိန်သည် ၄၅၀ ဂရမ်မှ ၃၀ဝဝ ဂရမ်ထိရှိသည်။

ထောပတ်ပဲ (၁)တင်းတွင် ၆၉ ပေါင် (သို့) ၃၁ ကီလို (သို့) ၁၉.၁၆ ပိဿာ ရှိသည်။

နိုင်ငံခြားဈေးကွက်တင်ပို့ရန် ရှိရမည့် အရည်အသွေးများ

အမှိုက်သရိုက် ၁% အများဆုံး
ပိုးထိုးစေ့ ၃ % အများဆုံး
ရောဂါကြောင့် ပျက်ဆီး ၃% အများဆုံး
အခြား ပဲပါဝင်မှု ဝ.၅ % အများဆုံး

အကျိုးအပဲ့ ၁ % အများဆုံး
ပုံတူ အရောင်ကွဲပဲများ ပါဝင်မှု ၁ % အများဆုံး
အစိုဓာတ် ၁၄ % အများဆုံး
အလေးချိန်ပေါ် မူတည်၍ တွက်ချက်သည်။

ကျန်းမာရေး အတွက် အကျိုးပြုချက်များ

ကိုလက်စရော ပါဝင်မှု နည်းသည့် အတွက် နှလုံး အတွက်ကောင်းစေသည်။မဂ္ဂနီစီယမ် နှင့်ဖောလစ် အက်စစ် ပါဝင်သောကြောင့် နှလုံးနှင့် နှလုံးကြွက်သားများကို ကောင်းမွန်စေသည်။သွေးတွင်း အောက်စီဂျင် ပါဝင်မှုနှင့် သွေးလှည့်ပတ်မှုကိုကောင်းစေသည်။
အမျိုးသမီးများ အတွက် လိုအပ်သော သံဓာတ်ကို ဖြည့်ဆည်းပေးသည်။

ခွန်အားကိုဖြစ်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေသည်။အဆီ ပါဝင်သည့် ပဲဖြစ်သောကြောင့် စားသုံးသူတွင် ကိုယ် အလေးချိန် မတက်ပါ။ခန္ဓာကိုယ် အတွက် အမျှင်ဓာတ်ကို ဖြည့်ဆည်းပေးသောကြောင့် ဝမ်းကိုလည်းကောင်းစေသည်။

သွေးချိုဓာတ်ကိုလည်း ထိန်းပေးသောကြောင့် သွေးချိုသမားများလည်း စားသုံးနိုင်သည်။လူတို့လိုအပ်သော ပရိုတိန်းဓာတ်ကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်သည်။ဆိုဒီယမ် ပါဝင်နည်းသောကြောင့် သွေးတိုးသမားလည်း စားသုံးနိုင်သည်။

ကော့ပါး ပါဝင်သောကြောင့် အသည်း၏ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး၊ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများ ပါဝင်သောကြောင့် အနာရောဂါများ ကင်းဝေးစေသည်။မှတ်ချက် – ထောပတ်ပဲအား အနည်းဆုံး (၁၀-၁၅) မိနစ် ချက်ပြုတ်ပြီးမှ စားသုံးပါ။ အဆိပ်ဓာတ် လင်နာမာရင်း (အဆိပ်ကွန်ပေါင်း) ပါဝင်သောကြောင့် အစိမ်း မစားသင့်ပါ။ စားမိပါက ခေါင်းမူးခြင်း ကဲ့သို့သော ရောဂါလက္ခဏာ ခံစားရမည်။crd

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *