ဘုန်းကြီး နဲ့ အပျိုကြီး တွေ့ကြလေသောအခါ…

ဘုန်းကြီး နဲ့ အပျိုကြီး တွေ့ကြလေသောအခါ…

မှတ်မှတ်ရရ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင် ဓမ္မာစရိယ (ဘီအေ) တန်းနောက်ဆုံးနှစ်တက်ရောက်နေစဉ်ကဖြစ်၏။ ဘွဲ့ယူစာတမ်းရေးတင်ရန်အတွက် ပရင်တာတလုံးမဖြစ်မနေလို့အပ်နေ၍ အတန်းဖော် သူငယ်ချင်း တပါးနဲ့ ပေါင်းပြီး ပရင်တာတလုံးဝယ်ရန် ကြည့်မြင်တိုင် ညဈေးလမ်းက ကွန်ပျူတာ ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ကြ၏။

ဆိုင်ထဲ တွင် လူများများစားစားမတွေ့ရပဲ ဈေးဝယ်သူ အချို့နဲ့ ဝန်းထမ်း ဒကာမလေး တယောက် ၊ နောက် ငွေရှင်းကောင်တာတွင်ထိုင်နေသည့် ဆိုင်ရှင်ဟုထင်ရသည့် အသက် ၃၀ ကျော် ၄၀ ဝန်းကျင် ခန့် မျက်နှာထားခပ်တင်းတင်း ဒကာမတယောက်တို့သာရှိ၏။ ဝန်ထမ်း ဒကာမလေးက တခြားဈေးဝယ်သူတို့ကို ပစ္စည်းပြ နေရ၍ မိမိတို့ထံသို့ မလာနိုင်ပေ။ ထို့ကြောင့် ပိုင်ရှင်ဒကာမကြီးက ထိုင်ရာမှထလာပြီး

“ဦးဇင်းလေးတွေ ဘာဝယ်ချင်လို့လဲဘုရား၊ တပည့်တော်က အပျိုးကြီး ဆိုတော့ ဆိုင်မှာ ဝန်ထမ်းသိပ်မထားဘူး”
“ပစ္စည်းမှန်၊ဈေးမှန်ဖို့တော့ တာဝန်ယူတယ်ဘုရား၊ တပည့်တော် က အပျိုကြီး ဆိုတော့ ဈေးအရမ်းကြီးတင်မထားသလို ပစ္စည်းအတုလဲ မတင်ဘူးဘုရား”“ဝယ်မဲ့ ပစ္စည်းကိုတော့ သေခြာ စိတ်ကြိုက်ရွေးပြီးမှ ဝယ်ပါဘုရား၊ တပည့်တော်က အပျိုကြီး ဆိုတော့ အလုပ်ရှုပ်လို့ ပြန်လဲမပေးဘူးဘုရား”

ဟုမဆီမဆိုင် သူအပျိုကြီးဖြစ်ကြောင်းကို နားကြားမြင်းကပ်အောင် အဆက်မပြတ်ကြော်ညာဝင်နေသည့်လေ၏။
“ပရင်တာလေး ကြည့်ချင်လို့ပါ ဒကာမကြီး”မိမိ၏ “ဒကာမကြီး”ဟုဆိုသော စကားကြောင့် အပျိုကြီးခမြာ မျက်နှာပျက်သွားပြီး
“ဦးဇင်း လေးတွေကလဲ တပည့်တော်က အပျိုးကြီး ဆိုတော့ သူများအထင်မသေးအောင် ခတ်တန်းတန်းနေ လို့ပါ အသက်က ၄၀ တောင်မပြည့်သေးပါဘူး ၊ ဦးဇင်းတို့နဲ့ တပည့်တော် အသက်သိပ်မကွာလောက်ပါဘူး၊ဒကာမလေးလို့ မခေါ်ချင်တောင် ဒကာမလို့ခေါ်လို့ရပါတယ် ” ဟု အပျိုကြီး ဋီကာချဲ့နေပြန်လေတော့၏။

မိမိလည်း အမြင်ကပ်လှတာမို့“ဟာ… ဒကာမအကြီး…ကြီး ကလဲ အသက်ကြီး လို့ မျက်မှန်ပါဝါထပ်တိုးရတော့မယ်နဲ့တူတယ်၊ ဦးဇင်းက ခုမှ ၂၄-နှစ်ပဲရှိသေးတာ ၊ဘယ်ကလာသိပ်မကွာရမှာလဲ၊ သားအမိလောက် ကွာတယ်”
ဟုဘုဆပ်ဆပ်ပြန်၍ ပက်လိုက်ရာ အပျိုကြီး မျက်နှာ လေဖြတ်ထားသလို မဲ့ရွဲ့သွားပြီး“ဟင်း ..ကိုယ်တော် တွေမို့ မပြောလိုက်ချင်တော့ဘူး၊ အသက်လေး (၂၀) နီးပါးလောက်လေးကွာတာကို မစာမနာပြောရက်တယ်၊ လူမှုရေးလဲနားမလည်၊ စာနာရကောင်းမှန်းလဲ မသိဘူး၊ ဘယ်သိပါလဲ ဘုန်းကြီး ပါဆိုမှ စာနာတတ်တဲ့ နှလုံးထား သော့ခတ်ထားတာကို”
စသည့်ဖြင့် မကြားတကြား မေတ္တာပွား၍နေပါတော့သည်။

မိမိတို့လည်း အပျိုကြီး ဖြစ်အင်ကိုတွေ့ပြီး စိတ်ထဲကကျိတ်ရယ်နေမိလေ၏။ အပျိုကြီး လဲ ပရင်တာတလုံးကို ဆောင့်ကြီးအောင့်ကြီးယူလာပြပြီး ၊မတတ်သာတဲ့ အသံဟန်ပန်နဲ့ စာပြန်ပြသလိုရှင်းပြ၏၊ မိမိတို့လဲ ဈေးကြီးလို့ နောက်တလုံးပြပါ၊ ပုံစံမကြိုက်လို့၊ ကာလမကြိုက်လို့ စသည်ဖြင့် စိတ်ကြိုက်မတွေ့သဖြင့် တစ်လုံးပြီးတစ်လုံးရွေးနေရာ၊ ကြာလာတော့ အပျိုကြီးက စိတ်မရှည်တဲ့ လေသံနဲ့၊“ကဲ့ …. ဦးဇင်း အကြီးကြီးတွေ ရွေးနေတာလဲ တစ်ဆိုင်လုံးကုန်တော့မယ်၊ နောက်ရွေးဖို့ လူပဲကျန်တော့တယ်ဘုရား၊ ဦးဇင်းတို့ ဒီလောက် ချေးများ။အရွေးများလို့ မိန်းမ မရပဲ ဘုန်းကြီးဖြစ်နေတာ” ဟုတွယ်လေတော့၏။

ဒီတော့မိမိလည်း ဗီဇကတားမရတော့ပဲ“ အောင်မယ်……. ဒကာမအကြီး ..ကြီးပဲ ..မကြိုက်ရင်ပြန်လဲမပေးဘူး ၊စိတ်ကြိုက်ရွေးဆိုလို့ ရွေးနေတာလေ၊ ဝယ်ပြီးလို့ မတော်ပျက်သွားရင် ဒီဆိုင်ကိုထပ်လာပြီး ပြင်လိုက်၊လဲလိုက်လုပ်နေရရင် ၊ ဒကာမအကြီး….ကြီး နဲ့ ဖူးစာဆုံနေမှာစို့လို့ရွေးနေတာဗျ၊ ”“သူများကျ ချေးများလို့ ဘုန်းကြီးဖြစ်တယ်လေး ဘာလေးနဲ့၊ ဒကာမအကြီး …..ကြီးလဲ ၊ ခုလိုဆက်ဆံရေးကျဲ၊ အပြောဆိုးလို့ အပျိုကြီးဖြစ်နေတာဗျ သိလား”

ဟုချဲလိုက်လေရာ အနားမှာဈေးဝယ်နေသည့် ဒကာမ တဦး ရယ်ကြဲကြဲနဲ့၊“ ဘုန်းကြီး ရော၊ အပျိုကြီး ရော ဘဝတူတွေပါဘုရား၊ အတူတူနဲ့အနူးနူး၊ ဘူ ဘူချင်း တပေါက်မစွန်းချင်ပါနဲ့၊ နှုတ်ခမ်းပဲ့အချင်းချင်း မီးမှုတ်မနေကြပါနဲ့ ဘုရား၊ရန်ဖြစ်နေတာနဲ့ပဲ ကြာရင် သံယောဇဉ်ဖြစ်နေဦးမယ်နော် ”ဟုသြဘာပေးလေရာ အပျိုကြီး လည်း မိမိကိုမျက်စောင်းတချက်ထိုးပြီး

“ကန်တော့ဆွမ်းပါ ဘုရား”လို့ဆိုကာ အရှက်လွန်သွားလေသလားတော့မပြောတတ်ပေ၊ အယောင်ယောင် အမှားမှားနဲ့ ပရင်တာတွဲတဲ့ ဝါယာကြိုကို ပါးစပ်ထဲထိုးထဲ့ပြီး အခန်းထဲဝင်ပြေးလေတော့၏။မိမိလည်း “ကြာရင်” ဆိုတဲ့ အသံကိုနားထဲအဖန်ဖန်ကြားယောင်ပြီး သုတ်ချေတင်လှည့်ပြေးခဲ့ရ၏။ ထိုအချိန်မှစ၍ အနှီးအပျိုကြီးဆိုင်တည်ရှိရာ ကြည့်မြင်တိုင် ညဈေး လမ်းသို့ မရောက်သည်မှာ ယနေ့တိုင်ပင်ဖြစ်၏……။
(ဘဝအမမောကြော၊ တခဏ ပဲဖြစ်ဖြစ်ပြေလျော့ နိုင်ကြပါစေ)

Be the first to comment

Leave a Reply

Your email address will not be published.


*