စားဖို့မသင့်၊ အဆိပ်ရှိတဲ့မှိုဆိုတာကို အလွယ်တကူသိနိုင်တဲ့နည်း

မှိုစားသင့် မစားသင့်

ကမ္ဘာဦးက သလေးဆန်ဆိုတာ ဆွတ်ယူစားသုံးရုံ၊ သဘာဝကြီးရဲ့ လက်ဆောင်ဖြစ်ခဲ့ဖူးတယ်။ မှိုကလည်း သဘာဝလက်ဆောင် ဖြစ်တယ်။ မှိုကို နိုင်ငံမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး စားသောက်ကြပါတယ်။ မှိုစားတဲ့ဦးရေဟာ ဥရောပမှာ အမေရိကထက် ပိုပြီးစားကြတယ်။ မှိုကို ရှေးရောမခေတ်၊ ဂရိခေတ်၊ ကမ္ဘာဦးကတည်းက စားသုံးခဲ့ကြတယ်။

အဆိပ်ရှိတဲ့ မှိုကိုစားသုံးမိရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ မကြာခဏ မှိုဟင်းချက်စားပြီး မူးဝေအော့အန်တာ၊ ဆေးရုံရောက်တာ၊ ဆေးရုံနောက်ကျမှရောက်လို့ အသက်ဆုံးရှုံးတာတွေ မြင်တွေ့နေရပါတယ်။ ကမ္ဘာပေါ်မှာ မှိုအမျိုးပေါင်းသိန်းနဲ့ချီရှိတယ်။ မှိုမျိုးဆက် ၃၅၀၀၀၀ ဟာ အမည်နာမထင်ရှားတယ်။ အဖြူ၊ အနီ၊ အဝါ၊ အညို၊ ပန်းရောင်စတဲ့ အရောင်အဆင်းအမျိုးမျိုးရှိသလို အလုံးအဝိုင်း ထီးပုံကအစ သစ်ပုံသစ်ကိုင်းသဏ္ဌာန်အထိ သဏ္ဌာန်စုံလင်အောင်ရှိတတ်တယ်။

မျက်စိနဲ့မမြင်ရလောက်အောင်သေးငယ်တဲ့ မှိုများရှိကြတယ်။ မှိုကလူသားတို့အတွက် ဟင်းလျာဖြစ်သလို ဆေးဝါးဖော်စပ်ရာမှာ အသုံးဝင်တယ်။ ပေါင်မုန့်ပြုလုပ်ရာမှာ သုံးတဲ့တဆေးဟာ မှိုတစ်မျိုးဖြစ်တယ်။

အချို့မှိုတို့မှာ လူသားတို့အတွက် ဒုက္ခအမျိုးမျိုးပေးနိုင်တယ်။ ချက်ပြုတ်စားသောက်ရင် အစာအဆိပ်သင့်စေတဲ့ မှိုလည်းရှိတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ်ပေါ်မှာ အရေပြားရောဂါအမျိုးမျိုး ပွေး၊ ဂျွတ်၊ ဒက်၊ မှက္ခရုတို့ဟာ မှိုများဖြစ်တယ်။ မှိုတက်နေတဲ့ ငရုတ်သီး၊ မြေပဲတို့မှ မှိုတစ်မျိုးဟာ အသည်းကင်ဆာဖြစ်စေတယ်။ ကမ္ဘာပေါ်မှာ စားကောင်းတဲ့မှိုနဲ့ မစားကောင်းတဲ့မှိုဆိုပြီး အများအပြားရှိရာ   မျိုးရိုးပေါင်း ၇၀၀ ကျော်မှာ စားကောင်းတဲ့ မှိုအဖြစ် လူတို့အသိအမှတ်ပြုထားတယ်။

စားကောင်းတဲ့မှိုထဲမှာ ငှက်ပျောမှို၊ ကြက်တောင်၊ မြက်ကြားမှို၊ တောင်ပို့မှို၊ ဝါးရင်းမှို၊ ကောက်ရိုးမှို၊ ကိုင်းမှို၊ သပြေမှို၊ မှိုသားပိုက်၊ ခြေတိုခြေရှည်မှို၊ ဆန်ကွဲမှို၊ မှိုဖြူ၊ အင်ကိုင်းမှို၊ မှိုဦးနှောက်၊ ဝါးရောင်မှို၊ သရက်မှို၊ ပဲမှို၊ မှိုထိပ်ချွန်၊ ညောင်မှို၊ မှိုနီပွင့်၊ ကြခတ်မှို၊ မှိုဥ၊  မှိုကုန်းကုန်းတို့ဟာ စားကောင်းပါတယ်။ မစားကောင်းတဲ့မှိုတွေမှာ ကြက်ဆူမှို၊ မှိုကွန်ချာ၊ ခွေးလှေးမှို၊ နွားချေးမှို၊ ခွေးသေးပန်းမှို၊ ကြက်တူရွေးခေါင်းမှို၊ နဂါးမှို၊ မှိုရှားစေး၊ သစ်ဖုမှို၊ ဂုန်လျှော်မှို၊ သဲမှို၊ သစ်ကြားမှို စတာတွေပါဝင်ပါတယ်။

မှိုဟာမှိုစပိုး၊ မှိုမျှင်ခက်နဲ့ မှိုပွင့်ဆိုပြီး အဆင့်သုံးဆင့် ဖြစ်ပေါ်ကြီးထွားတယ်။ မှိုပွင့်အဆင့်အဆင့်မှာပါဝင်တဲ့ မှိုဆိပ်ဟာ လူကို ဒုက္ခပေးပါတယ်။ မစားကောင်းတဲ့ မှိုလက္ခဏာများမှာ

(၁)       မှိုရိုးတံကို လက်နဲ့ခြေကြည့်ပါက အလွယ်တကူကြေမွသွားရင် မစားကောင်းပါ။

(၂)        မှိုပေါ်ဆားအနည်းငယ်ဖြူးကြည့်လို့ မည်းသွားရင်မစားကောင်းပါ။

(၃)       မှိုပွင့်ကို လက်နဲ့ဖျစ်ပြီးကြည့်ရင် မည်းသွားပါက မစားသင့်ပါ။

(၄)       မှိုပွင့်ကို လက်နဲ့ဖျစ်ကာ ကြည့်သင့် တယ်။ နို့ရည်လို အဖြူရောင်အနှစ် များထွက်လာရင် မစားကောင်းပါ။

(၅)       ခြေချင်းပါတဲ့ မှိုကိုမစားသင့်ပါဘူး။ ခြေချင်းဆိုတာ မှိုရဲ့ခြေတံရှည် တစ်ဝက်ကျော်ကျော်ခန့်ရှိ အတွင်းပိုင်း အရစ် တစ်ရစ်ပဲဖြစ်တယ်။

(၆)       ပိုးရှိတဲ့မှို၊ ဆွေးနေတဲ့မှို၊ ပုပ်သိုးနေတဲ့မှိုများ မစားသင့်ပါဘူး။

(၇)       မှိုကိုဓားနဲ့လှီးဖြတ်ရာမှာ ပြာနှမ်းသွားရင် မစားသင့်ပါဘူး။

မတည့်တဲ့မှိုအဆိပ်သင့်တဲ့အခါ ဝေဒနာများကိုပါ ခံစားရတတ်ပါတယ်။ ၆-၁၈ နာရီအတွင်း အဆိပ်သင့်တဲ့ လက္ခဏာများ စတင်ပေါ် ပေါက်လာတတ်ပါတယ်။ အချို့စားပြီး အိပ်မောကျကာ ပြန်လည်မနိုးထလာနိုင်ဘဲ ဦးနှောက်နဲ့အာရုံကြောကို အဆိပ်မိစေတဲ့ထိ ဆိုးရွားတဲ့ မှိုအဆိပ်မျိုး တွေ့ရှိရပါတယ်။

လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ်လာခြင်း၊ လည်မျိုညှစ်ထားသလို တင်းတင်းကျပ်ကျပ်ဖြစ်နေခြင်း၊  ဗိုက်ထဲမှာပူလောင်လာခြင်း၊ ရေအလွန်ငတ်ခြင်း၊ အော့အန်လာခြင်း၊ မူးဝေလာခြင်း၊  ဗိုက်နာလာခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ စိတ်ကယောင် ချောက်ချား ဖြစ်ခြင်း၊ အသားအရေပြာနှမ်းလာခြင်း၊ သွေးဖိအားကျကာ သွေးခုန်အားလျော့နည်းလာခြင်း၊ အသက်ရှူပြင်းလာခြင်း၊ အသက်ရှူ ကျပ်လာခြင်း၊ ချွေးစေးများထွက်လာခြင်း၊ အားလျော့ကာ မေ့မြောသွားခြင်း၊ သေဆုံးသွားခြင်းတို့ ဖြစ်တတ်ပါတယ်။ အဆိပ်ရှိတဲ့ မှိုပမာဏဘယ်မျှ၊ ဘယ်ရွေ့စားရင်သေစေမယ်လို့ အတိအကျဖော်ပြဖို့ မလွယ်ကူပေမယ့် အဆိပ်ရှိတဲ့မှိုကို စားသုံးမိရင် ၂၄ နာရီ အတွင်း သေဆုံးနိုင်တယ်။ တစ်ခါတစ်ရံ အချို့ ၃-၄ ရက်ထိ မချိမဆံ့ခံစားရပြီး သေဆုံးသွားကြတယ်။

ငွေနှင်းမှိုမျိုးပွားနည်းအကြောင်းတင်ပြလိုပါတယ်။ ငွေနှင်းမှိုမျိုးပွားထုတ်လုပ်နည်းမှာ ကျောက်ကျော၊ ဂလူးကို့၊ ဆားခါး၊ အာလူး တို့ကို အချိုးကျရောစပ်ကာ ဖန်ပြွန်ချောင်းထဲထည့်ပြီး မှိုမျိုးစိတ်ပွား (အာဟာရပြင်ပြုလုပ်ခြင်း)နည်းနဲ့ရရှိလာတဲ့ မှိုမျိုးစိတ်ကို နှံစားပြောင်း ထည့်ထားတဲ့ ပုလင်းထဲထည့်ကာ မှိုမျှင်မျိုးစိတ်ကို ပွားရကြောင်း၊ပေါင်းခံထားတဲ့  ရော်ဘာ၊  လွှစာမှုန့် သို့မဟုတ်   သစ်ပွ လွှစာမှုန့်အိတ်ထဲကို မျိုးပွားထားတဲ့  မှိုမျှင်မျိုးစိတ်ကို ထည့်ပေးရကြောင်း၊   ရက်သတ္တပတ်ခန့်ကြာရင် ငွေနှင်းမှိုမျိုးအိတ်တစ်ထုပ်မှာ  ငွေကျပ် ၅၀၀ ဈေးနှုန်းနဲ့ရောင်းချပေးကာ ငွေနှင်းမှိုတစ်ပိဿာကို ငွေကျပ် ၅၀၀၀ ထိရောင်းချနိုင်ကြောင်း၊ ရောင်းမကုန်ခဲ့ရင် မှိုခြောက်ပြုလုပ်ကာ ရောင်းချနိုင်ကြောင်း၊ ကိုယ်တိုင်မှိုမျိုးအိတ်များကို ထုတ်လုပ်ရောင်းချနိုင်ကြောင်း မှိုစိုက်တောင်သူ တစ်ဦးက ဆိုတယ်။

ငွေနှင်းမှိုဟာအရသာရှိပြီး ဟင်းတစ်ခွက်ဖြစ်နိုင်တာကြောင့် ဌာနဆိုင်ရာဝန်ထမ်းများ မိသားစုအပိုဝင်ငွေတိုးပွားရေးအတွက် လာရောက် ဆက်သွယ်ဝယ်ယူလျက်ရှိကာ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်မှုများလာကြောင်း ဆိုတယ်။

ကောက်ရိုးမှိုကို စီးပွားဖြစ် ငှက်ပျောရွက်ခြောက်နဲ့ စိုက်ပျိုးနည်းလည်းရှိပါတယ်။ ကုန်ကြမ်းရရှိရန်အတွက် ငှက်ပျောပင်ပေါ်မှာ  တွဲလောင်းကျခြောက်သွေ့နေတဲ့ ငှက်ပျောရွက်ခြောက်များကို ဖြတ်ယူပြီး စုဆောင်းနိုင်တယ်။ ကုန်ကြမ်းကို သန့်ရှင်းတဲ့ရေမှာစိမ်ကာ ငှက်ပျောရွက်ခြောက်များကို သန့်ရှင်းတဲ့ရေနဲ့ ၁၀-၁၂ နာရီ တစ်ညရေစိမ်သင့်ပါတယ်။ သန့်ရှင်းတဲ့ရေမှာတွင်းရေ၊ ချောင်းရေ၊ အဝီစိရေတို့ ပါဝင်ပါတယ်။ ရေစိမ်တဲ့အခါ ကုန်ကြမ်းအားလုံးနှံ့စပ်စွာ ရေနဲ့ထိရပါမယ်။ ကုန်ကြမ်းများ သတ်မှတ်အချိန်ပြည့်မီအောင် ရေစိမ်ခြင်းဟာ စိုက်ပျိုးထွက်ရှိလိုတဲ့ မှိုထွက်ရှိရေးအတွက် အရေးကြီးပါတယ်။ ရေစိမ်တဲ့အချိန်မလွန်ဖို့သတိပြုသင့်တယ်။ ရေစိမ်ပြီးတဲ့ ကုန်ကြမ်းကို ရေထဲမှဆယ်ယူရေစစ်ထားသင့်တယ်။ ကုန်ကြမ်းများ ပြင်ဆင်ခြင်းအပိုင်းမှာ  ငှက်ပျောရွက်ခြောက်များကို ၄-၅ လက်မအချင်းရအောင် အရှည်လိုက်လိမ်ကာ ၁၄ လက်မအရွယ်ပိုင်းဖြတ်သင့်တယ်။ ၁၄ လက်မအရွယ်ဖြတ်ပိုင်းထားတဲ့ ငှက်ပျောရွက်ခြောက်များကို ပေါင်ပုံစံအလွှာဖြစ်အောင်စီထပ်ကာ စီထပ်ချိန်မှာ ဖိသိပ်ပေးရမယ်။ ပေါင်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ  ဝါး သို့မဟုတ် သစ်သားချောင်းတင်ခြင်း၊ ပေါင်ပြုလုပ်တဲ့အခါ အလွှာထပ်ခြောက်လွှာထက်ပိုပြီး အရှည် ၁၆ ပေထက်ပိုကာ ပြုလုပ်တဲ့ အခါ ဝါး သို့မဟုတ် သစ်သားချောင်းကိုပေါင်အစွန်းမှ တစ်ဖက်ပေါင်အစွန်းထိ သတ်မှတ်အကွာအဝေးအတိုင်း တင်သင့်တယ်။ ခိုင်ခံ့စေဖို့ ပုံစံမပျက်မပြိုပျက်စေဖို့ဖြစ်တယ်။ ဖြည့်စွက်စာထည့်သွင်းခြင်းမှာ ယူရီးယားမြေသြဇာ သို့မဟုတ် နွားချေးသုံးစွဲနိုင်တယ်။ လေးမီတာအရှည်၊ အလွှာငါးလွှာထပ်ပေါင်အတွက် ယူရီးယား(၁/၂)ကီလို နွားချေးနှစ်တင်းလိုအပ်ပါတယ်။ မှိုမျိုးထည့်ခြင်း၊ မှိုစိုက်ပေါင်ပြီးဆုံးတဲ့ထိ ပြုလုပ်ခြင်း၊ မှိုစိုက်ပေါင်ကို ပလတ်စတစ်နဲ့အုပ်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ စိုက်ပေါင်ရေလောင်းခြင်း၊ လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ခြင်း၊ မှိုခူးဆွတ်ခြင်းတို့ စနစ်တကျပြုသွားရင် စီးပွားဖြစ်စိုက်နိုင်ပါတယ်။    ။

ဒေါက်တာလွင်သန့်

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *