စိုက်ပျိုးရေးလုပ်ငန်းတွက် စပါးခွံဖွဲပြာ
စပါးခွံဖွဲပြာသည်သဘာဝမြေဩဇာတစ်မျိုးဖြစ်သည်။စပါးခွံဖွဲပြာဆိုသည်မှာ လောင်ကျွမ်း သည်အထိ မီးရှို့ထားခြင်းမဟုတ်ဘဲ ဆန်စက်မှထွက်ရှိသည့်ဖွဲပြာများကဲ့သို့ စပါးခွံများကို မည်းသွားရုံမျှသာ မီးရှို့ပေးထားသည့် စပါးခွံဖွဲပြာ( Charcoal Rice Husk-CRH) များဟုဆိုလိုပါသည်။ သုတေသနတွေ့ရှိချက်အရ လယ်စပါးများတွင် စပါးခွံဖွဲပြာကို အနည်းဆုံး ငါးတန်နှုန်း ထည့်သွင်းပေးခြင်းဖြင့် မည်သည့်မြေဩဇာမှမထည့်သည့်အကွက်ထက် တစ်ဧကစပါးအထွက် ငါးရာခိုင်နှုန်းပိုထွက်နိုင်ကြောင်း တွေ့ရှိထားပါသည်။ စပါးခွံဖွဲပြာသည် အယ်လ်ကာလီဂုဏ်သတ္တိရှိခြင်းကြောင့် မြေ၏ချဉ်/ငန်ဓာတ်ကို သမမျှတစေပြီး သဘာဝမြေဩဇာကဲ့သို့ အသုံးပြုနိုင်သဖြင့် မြေသားဖွဲ့စည်းမှုကို ပိုမိုကောင်းမွန် စေနိုင်သည်။
မြေကြီးထဲသို့ ပိုတက်စီယမ်ဓာတ်ကိုလည်း အသင့်အတင့် ပြန်လည်ဖြည့်တင်းပေး နိုင်ပါသည်။ စားပါးခွံဖွဲများကို လယ်ထဲမှာပုံပြီးတော့လည်း မီးရှို့ကြပါတယ်။ အဲလိုပုံပြီး မီးရှို့ထားတဲ့နေရာမှာ သီးနှံပင်များဟာ အခြားနေရာမှ အပင်များထက် သန်မာထွားကြိုင်းပြီး သီနှံအထွက်တိုးစေပါသည်။ စပါးခွံဖွဲပြာကို သဲဆန်သောမြေများ၊ အချဉ်ဓာတ်လွန်ကဲသောမြေများ ၊ မြေဆီဩဇာ မထက်သန်သောမြေများ၊ ဒုံပေါက်သောမြေများတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ လယ်သီးနှံ သာမက ယာသီးနှံနှင့် ဟင်းသီးဟင်းရွက်သီးနှံများအားလုံးတွင် တစ်ဧကလျှင် အနည်းဆုံး ငါးတန်နှုန်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။
အချို့ဒေသများတွင် စပါးခွံများကို နောက်ချေး ကြက်ချေး ငုံးချေးတို့နှင့် ရောစပ်ပြီး EMဖျော်ရည်လောင်းကာ ၁လခန့် တာလပတ် မိုးကာအုပ်နှပ်ထားပြီးမှ လယ်ယာမြေများပေါ်တွင် ထည့်သွင်းအသုံးပြုကြပါသည်။ စပါးခွံမြေဩဇာကို တစ်နှစ်လျှင် နှစ်ကြိမ်ခန့်အသုံးပြုပေးခြင်းဖြင့် လယ်ယာမြေများတွင် မြေဩဇာပြည့်ဝပြီး သီးနှံအထွက်တိုးခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ခြင်းနှင့် ဓာတ်မြေဩဇာဖိုး ကုန်ကျစရိတ်သက်သာကာ သီးနှံများတွင်လည်း ဓာတုဓာတ်ကြွင်းများမပါဝင်တော့သဖြင့် စားသုံးသူများလည်း ကျန်မာရေးကောင်းမွန်စေပြီး အကျိုးများစွာဖြစ်ထွန်းပါသဖြင့် တိုက်တွန်းလိုက်ရပါသည်။
Leave a Reply