သာလီစွပါ.. ဒီစခန်းရရင် ကုန်ပီ ကြိတ်ထားဝေ့

ပုဏ္ဏားကျွန်းမှ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို AA ထိုးစစ်ဆင်နေ

ထိုတပ်စခန်းကျသွားပါက ပုဏ္ဏားကျွန်းမြို့နယ် တစ်ခုလုံးနီးပါးကို AA က ထိန်းချုပ်နိုင်မည်ဖြစ်သည်။

Myanmar Now

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ နောက်ဆုံးလက်ကျန်စစ်ကောင်စီ ခြေမြန်တပ်ရင်းအမှတ် (၅၅၀) ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဖေဖော်ဝါရီ ၂၃) ညတွင် သတင်းထုတ်ပြန်သည်။

ခမရ (၅၅၀) တပ်ရင်းသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ၏ လက်အောက်ခံတပ်ရင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်အခြေစိုက် တစ်ခုတည်းသော စစ်ကောင်စီတပ်ရင်းဖြစ်သည်။

ထိုတပ်ရင်းသည် ယမန်နေ့က AA သိမ်းပိုက်လိုက်သော ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ဘောလုံးကွင်း ၂ ကွင်းစာခန့် ဝေးကွာသည့် နေရာတွင်ရှိသည်။
အဆိုပါ တပ်ရင်းမှ စစ်သားများသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အရပ်သား ၉ ဦးကို ပစ်သတ်ခဲ့ရာတွင် အဓိကတာဝန်ရှိသူများဖြစ်ကြောင်းလည်း စွပ်စွဲခံထားရသည်။

ဆင်အင်းကြီးရွာသားများကို အစုအပြုံအလိုက်သတ်ဖြတ်သည့် ထိုတပ်ရင်းကို အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်မည်ဖြစ်ကြောင်း AA က ထိုနှစ် နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းမြို့နယ်သည် ပြည်နယ်စစ်‌ကောင်စီရုံးစိုက်ရာ စစ်တွေမြို့နယ်နှင့် ၂၁ မိုင်ခန့်သာ ကွာဝေးပြီး ခမရ (၅၅၀) တပ်ရင်းနှင့် ယမန်နေ့က AA သိမ်းယူလိုက်သော မြို့မရဲစခန်းတို့သည် ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် တည်ရှိသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် အချက်အလက်များအရ ပုဏ္ဏားကျွန်းမြို့နယ်တွင် လူဦးရေ ၁၄၀၀၀၀ နီးပါး နေထိုင်လျက်ရှိသည်။
ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့ကို ဆက်ထားသော မင်းချောင်းတံတားကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ တွင် စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု ဒေသတွင်းမီဒီယာများတွင် ဖော်ပြခဲ့သောကြောင့် ပုဏ္ဏားကျွန်းမြို့သို့ ကုန်းလမ်းမှ စစ်ကူပို့ရန် ခက်ခဲသွားပြီဖြစ်သည်။

ရေလမ်းမှ စစ်ကူများပို့ဆောင်ရန်အတွက်လည်း မြေပြင်စိုးမိုးထားသော AA တပ်များ၏ အပြင်းအထန်ပစ်ခတ်တိုက်ခိုက်မှုများနှင့် စစ်ကောင်စီတပ် ရင်ဆိုင်ရဖွယ်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း စစ်ကောင်စီရေတပ်၏ စစ်သင်္ဘော ၅ စီးကို ကျောက်တော်၊ မင်းပြား မြစ်ကြောင်းအတွင်း AA က တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီရေတပ် အထိနာခဲ့ရသည်။

ခမရ (၅၅၀) ကို သိမ်းပိုက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ကို ထိန်းချုပ်နိုင်ခဲ့ပါက AA တပ်များသည် စစ်တွေမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရန် အနီးကပ်ဆုံးနေရာသို့ ရောက်ရှိလာမည်ဖြစ်သည်။

AA ထုတ်ပြန်ချက်တွင် မင်းပြားမြို့နယ်ရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကိုလည်း ခြောက်ရက်မြောက်ထိုးစစ်အဖြစ် ဆက်လက် တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် လက်နက်ချအညံ့မခံသော မောင်တောမြို့၊ ရန်အောင်ပြင်ကင်းစခန်းကိုလည်း အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု ဖော်ပြပါရှိသည်။
မင်းပြားမြို့နယ်၊ ကမ်းနီရွာနှင့် မေလွန်းရွာ အနီးတွင်ရှိသည့် အဆိုပါ သင်တန်းကျောင်းကို AA က ဖေဖော်ဝါရီ ၁၇ နံနက်မှစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထိုသင်တန်းကျောင်း၏ ကာကင်းစခန်း ၃ ခုနှင့် အရေးပါသော နေရာတစ်ခုကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြောထားသည်။
နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ် ဖွင့်လှစ်ထားသော တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ၁၄ ကျောင်းရှိပြီး တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းဟု စစ်ကောင်စီတပ်က ခေါ်ဆိုသည်။

မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းကို ဖေဖော်ဝါရီ ၂၃ နံနက်တွင် AA က စတင်ထိုးစစ်ဆင်ပြီး ၅ နာရီအတွင်း အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်၊ ၎င်းပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု ဆိုသည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြားမြို့နယ်တို့ရှိ လက်နက်ချအညံ့မခံသည့် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလ ၃ လကျော်အတွင်း AA က ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ မြို့ ၆ မြို့ကို သိမ်းပိုက်ထားသည်။

သိမ်းပိုက်ထားသည့် မြို့နယ်တချို့၏ သတင်းဓာတ်ပုံများကို AA က ထုတ်ပြခဲ့ပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း တပ်ရင်းများအလိုက် ထုတ်ပြန်ပြသပြီးဖြစ်သည်။

လွန်ခဲ့သည့် ၁၅ နှစ်က စတင်ဖွဲ့စည်းခဲ့သည့် AA ၏ ၁၀၂၇ စစ်ဆင်ရေးဖြင့် စတင်သည့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကာလ ၃ လကျော်အတွင်း ဆုံးရှုံးမှုများအတွက် စစ်ကောင်စီပြန်ကြားရေးဘက်က မည်သည့်သတင်းမျှ ထုတ်ပြန်ခြင်းမရှိပေ။

AA ဘက်ကမူ တိုက်ပွဲသတင်းများကို နေ့စဉ်မပြတ်ထုတ်ပြန်လျက်ရှိပြီး ၎င်းတို့တပ်ဖွဲ့၏ ၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကိုလည်း လာမည့် မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်ဟု ဒေသတွင်းမီဒီယာဖြစ်သည့် Arakan Bay News-ABN က ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညတွင် သတင်းဖော်ပြထားသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *