ဟာ…စိတ္မေကာင္းစရာပဲ….ရန္ကုန္ကလည္း ဘယ္လိုေတာင္ျဖစ္ကုန္ၾကတာလည္းကြာ…

ရန်ကုန်တွင် အရပ်ဝတ် လက်နက်ကိုင်တချို့က ပြည်သူများထံမှ ရွှေထည် လက်ဝတ်ရတနာ လုယက်မှု၊ ငွေညှစ်တောင်းခံမှုများ ဆက်တိုက်ဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့တွင် အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်သူတချို့က လမ်းသွားလမ်းလာနှင့် ပြည်သူတချို့ကို အိမ်စီးကားထဲသို့ဆွဲသွင်း၍ ရွှေထည်လက်ဝတ်ရတနာ လုယက်မှု၊ ငွေညှစ်တောင်းခံမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း လုယက်ခံရသည့် ရန်ကုန်မြို့မှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်း လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ မီးခွက်ဈေးတွင် အမျိုးသမီး ၁ ဦးက ရွှေဆိုင်တွင် ရွှေရောင်းပြီး ပြန်ထွက်အလာ လူအများရှေ့တွင်ပင် အိမ်စီးကား တစ်စီးက ယင်းအမျိုးသမီးရှေ့တွင် ပိတ်ရပ်ကြောင်း၊ ကားပေါ်မှ လူတချို့ ဆင်းလာပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ ဖြစ်ကြောင်း၊ စခန်းသို့ လိုက်ခဲ့ရန်နှင့် စစ်ဆေးစရာရှိ၍သည်ဟုဆိုကာ ကားထဲသို့ ခေါ်သွင်းပြီး မောင်းခေါ်လာကြောင်း၊ ယင်းနောက် လမ်းတစ်နေရာတွင် ရွှေ ရောင်းချလာသည့် ငွေများကို ဓားထောက် လုယက်ကြောင်း၊ ရွှေရောင်းရငွေကျပ် ၁၅ သိန်းနှင့် ရွှေထည်တချို့ကို လုယက်သွားကြောင်း သိရှိရသည်။

” လူကိုတော့ ဘာမှ မလုပ်သွားဘူး။ မနက်ပိုင်းကြီးကို ရဲအယောင်ဆောင်ပြီး ကားပေါ်ခေါ်တင် လုယက်တာ။ လှိုင်သာယာ မြို့နယ် ၆ ရပ်ကွက် မီးခွက်ဈေးမှာ ဒီလ ၂၀ ရက်နေ့မနက်မှာဖြစ်သွားတာ။ လူရှေ့ကားပိတ်ရပ်ပြီး စစ်ဆေးစရာရှိလို့ပါဆိုပြီး ကားထဲခေါ်သွားတာ။ ဓားနဲ့ထောက်ပြီး ငွေလုခံရပါတယ်” ဟု လုယက်ခံရသူ၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း တောင်ဒဂုံမြို့နယ်၊ ၅၆ ရပ်ကွက်၊ အောင်တံခွန်လမ်း၊ ဆုပြည့်ရတနာ ၃ လမ်းတွင်လည်း စစ်တပ်နှင့်ရဲဘက်ကဟုဆိုကာ အရပ်ဝတ် လက်နက်ကိုင်ထားသူတချို့က စစ်မှုထမ်းဥပဒေအရ လူငယ်များ စာရင်းကောက်ကြောင်း၊ ယင်းနောက် အိမ်စီးကားဖြင့် လူတချို့က ငွေကြေးချမ်းသာသည့် နေအိမ်များကို ဝင်ရောက် စစ်ဆေးကြောင်း၊ လူငယ်များ ရှိသည့်အိမ်များကို လူငယ်တစ်ဦးလျှင် ငွေကျပ် ၆ သိန်း၊ တောင်းခံကြောင်း သိရှိရသည်။

“လူအကုန်စစ်တယ်။ ပြီးတော့ စစ်ထဲမဝင်ချင်ရင် ၆ သိန်းပေးရမယ်ဆိုပြီးတောင်းတယ်။ အစစ်တွေလား။ အတုတွေလားတော့မသိဘူး။ အရပ်ဝတ်တွေနဲ့ သေနတ်တွေလည်း ကိုင်ထားကြတယ်။ ငွေတွေ ခြိမ်းခြောက် တောင်းသွားတာ” ဟု ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ထိုသို့ လုယက်မှုများနှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများထံသို့ တိုင်ကြားမှုများ လုပ်ဆောင်သော်လည်း မည်သည့် အရေးယူမှုနှင့် အမှုဖွင့်ပေးမှု မရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ လက်အောက်ခံ အရပ်ဝတ် လက်နက်ကိုင် စစ်သားနှင့်ရဲတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

ရန္ကုန္တြင္ အရပ္ဝတ္ လက္နက္ကိုင္တခ်ိဳ႕က ျပည္သူမ်ားထံမွ ေ႐ႊထည္ လက္ဝတ္ရတနာ လုယက္မႈ၊ ေငြညႇစ္ေတာင္းခံမႈမ်ား ဆက္တိုက္ျဖစ္ပြား

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၃

ရန္ကုန္ၿမိဳ႕တြင္ အရပ္ဝတ္မ်ားျဖင့္ လက္နက္ကိုင္ေဆာင္သူတခ်ိဳ႕က လမ္းသြားလမ္းလာႏွင့္ ျပည္သူတခ်ိဳ႕ကို အိမ္စီးကားထဲသို႔ဆြဲသြင္း၍ ေ႐ႊထည္လက္ဝတ္ရတနာ လုယက္မႈ၊ ေငြညႇစ္ေတာင္းခံမႈမ်ား ဆက္တိုက္ျဖစ္ေပၚေနေၾကာင္း လုယက္ခံရသည့္ ရန္ကုန္ၿမိဳ႕မွ ျပည္သူတခ်ိဳ႕က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။

ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ နံနက္ပိုင္း လႈိင္သာယာၿမိဳ႕နယ္၊ ၆ ရပ္ကြက္၊ မီးခြက္ေစ်းတြင္ အမ်ိဳးသမီး ၁ ဦးက ေ႐ႊဆိုင္တြင္ ေ႐ႊေရာင္းၿပီး ျပန္ထြက္အလာ လူအမ်ားေရွ႕တြင္ပင္ အိမ္စီးကား တစ္စီးက ယင္းအမ်ိဳးသမီးေရွ႕တြင္ ပိတ္ရပ္ေၾကာင္း၊ ကားေပၚမွ လူတခ်ိဳ႕ ဆင္းလာၿပီး သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕မွ ျဖစ္ေၾကာင္း၊ စခန္းသို႔ လိုက္ခဲ့ရန္ႏွင့္ စစ္ေဆးစရာရွိ၍သည္ဟုဆိုကာ ကားထဲသို႔ ေခၚသြင္းၿပီး ေမာင္းေခၚလာေၾကာင္း၊ ယင္းေနာက္ လမ္းတစ္ေနရာတြင္ ေ႐ႊ ေရာင္းခ်လာသည့္ ေငြမ်ားကို ဓားေထာက္ လုယက္ေၾကာင္း၊ ေ႐ႊေရာင္းရေငြက်ပ္ ၁၅ သိန္းႏွင့္ ေ႐ႊထည္တခ်ိဳ႕ကို လုယက္သြားေၾကာင္း သိရွိရသည္။

” လူကိုေတာ့ ဘာမွ မလုပ္သြားဘူး။ မနက္ပိုင္းႀကီးကို ရဲအေယာင္ေဆာင္ၿပီး ကားေပၚေခၚတင္ လုယက္တာ။ လႈိင္သာယာ ၿမိဳ႕နယ္ ၆ ရပ္ကြက္ မီးခြက္ေဈးမွာ ဒီလ ၂၀ ရက္ေန႔မနက္မွာျဖစ္သြားတာ။ လူေရွ႕ကားပိတ္ရပ္ၿပီး စစ္ေဆးစရာရွိလို႔ပါဆိုၿပီး ကားထဲေခၚသြားတာ။ ဓားနဲ႔ေထာက္ၿပီး ေငြလုခံရပါတယ္” ဟု လုယက္ခံရသူ၏ ေဆြမ်ိဳးတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

အလားတူ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ မြန္းလြဲပိုင္း ေတာင္ဒဂုံၿမိဳ႕နယ္၊ ၅၆ ရပ္ကြက္၊ ေအာင္တံခြန္လမ္း၊ ဆုျပည့္ရတနာ ၃ လမ္းတြင္လည္း စစ္တပ္ႏွင့္ရဲဘက္ကဟုဆိုကာ အရပ္ဝတ္ လက္နက္ကိုင္ထားသူတခ်ိဳ႕က စစ္မႈထမ္းဥပေဒအရ လူငယ္မ်ား စာရင္းေကာက္ေၾကာင္း၊ ယင္းေနာက္ အိမ္စီးကားျဖင့္ လူတခ်ိဳ႕က ေငြေၾကးခ်မ္းသာသည့္ ေနအိမ္မ်ားကို ဝင္ေရာက္ စစ္ေဆးေၾကာင္း၊ လူငယ္မ်ား ရွိသည့္အိမ္မ်ားကို လူငယ္တစ္ဦးလွ်င္ ေငြက်ပ္ ၆ သိန္း၊ ေတာင္းခံေၾကာင္း သိရွိရသည္။

“လူအကုန္စစ္တယ္။ ၿပီးေတာ့ စစ္ထဲမဝင္ခ်င္ရင္ ၆ သိန္းေပးရမယ္ဆိုၿပီးေတာင္းတယ္။ အစစ္ေတြလား။ အတုေတြလားေတာ့မသိဘူး။ အရပ္ဝတ္ေတြနဲ႔ ေသနတ္ေတြလည္း ကိုင္ထားၾကတယ္။ ေငြေတြ ၿခိမ္းေျခာက္ ေတာင္းသြားတာ” ဟု ကိုယ္တိုင္ႀကဳံခဲ့ရသူတစ္ဦးက ရွင္းလင္းေျပာဆိုသည္။

ထိုသို႔ လုယက္မႈမ်ားႏွင့္ပတ္သက္ၿပီး အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ ရဲမ်ားထံသို႔ တိုင္ၾကားမႈမ်ား လုပ္ေဆာင္ေသာ္လည္း မည္သည့္ အေရးယူမႈႏွင့္ အမႈဖြင့္ေပးမႈ မရွိေၾကာင္း သိရွိရသည္။

ဓာတ္ပုံ-စစ္ေကာင္စီ လက္ေအာက္ခံ အရပ္ဝတ္ လက္နက္ကိုင္ စစ္သားႏွင့္ရဲတခ်ိဳ႕။ (ပုံအေဟာင္းျဖစ္ပါသည္။)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *