ဆော်ထားဝေ့ စစ်တွေပီးရင် ကုန်ပြီ

ပုဏ္ဏားကျွန်းရဲစခန်းကို AA သိမ်းပိုက်

ပုဏ္ဏားကျွန်းသည် ပြည်နယ်စစ်‌ကောင်စီရုံးစိုက်ရာ စစ်တွေမြို့နယ်နှင့် ၂၁ မိုင်ခန့်သာ ဝေးသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ညတွင် သတင်းထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းမြို့နယ်သည် ပြည်နယ်စစ်‌ကောင်စီရုံးစိုက်ရာ စစ်တွေမြို့နယ်နှင့် ၂၁ မိုင်ခန့်သာ ကွာဝေးပြီး AA သိမ်းယူလိုက်သော ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် တည်ရှိသည်။

မြို့မရဲစခန်းကို AA သိမ်းယူလိုက်ပြီဖြစ်၍ ခမရ (၅၅၀) ကိုသာ ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါက စစ်တွေမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရန် အနီးဆုံးနေရာသို့ AA တပ်များ ရောက်ရှိလာပြီဖြစ်သည်။

ခမရ (၅၅၀) သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ၏ လက်အောက်ခံတပ်ရင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင် တစ်ခုတည်းသော စစ်ကောင်စီတပ်စခန်းဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် အချက်အလက်များအရ ပုဏ္ဏားကျွန်းမြို့နယ်တွင် လူဦးရေ ၁၄၀၀၀၀ နီးပါး နေထိုင်လျက်ရှိသည်။
AA က ၎င်းတို့သည် မင်းပြားမြို့နယ်ရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကိုလည်း ငါးရက်မြောက်အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မင်းပြားမြို့နယ်၊ ကမ်းနီရွာနှင့် မေလွန်းရွာ အနီးတွင်ရှိသည့် အဆိုပါ သင်တန်းကျောင်းကို AA က ဖေဖော်ဝါရီ ၁၇ နံနက်မှစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထိုသင်တန်းကျောင်း၏ ကာကင်းစခန်း ၃ ခုနှင့် အရေးပါသော နေရာတစ်ခုကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့ တွင် ပြောထားသည်။

ယနေ့ထုတ်ပြန်ချက်တွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို အပြီးသတ်သိမ်းယူရန် ဗျူဟာမြောက်ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလ ၃ လကျော်အတွင်း AA က ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ မြို့ ၆ မြို့ကို သိမ်းပိုက်ထားသည်။

သိမ်းပိုက်ထားသည့် မြို့နယ်တချို့၏ သတင်းဓာတ်ပုံများကို AA က ထုတ်ပြခဲ့ပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း တပ်ရင်းများအလိုက် ထုတ်ပြန်ပြသပြီးဖြစ်သည်။

တိုက်ပွဲကာလ ၃ လကျော်အတွင်း AA လက်အောက်ကျရောက်သွားသော မြို့နယ်များ၊ ဖမ်းဆီးခံရသော တပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ စစ်ကောင်စီပြန်ကြားရေးဘက်က မည်သည့်သတင်းမျှ ထုတ်ပြန်ခြင်းမရှိပေ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *