နေပြည်တော်သို့ ဦးတည်တော့မည်

မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အသဲနှလုံး နေပြည်တော်ထိုးဖောက်နိုင်ရေး လုပ်သွားမည်ဟု KNUအသိပေး

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့်မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အရှိုက်ဖြစ်သည့် နေပြည်တော်ကို ထိုးဖောက်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောကြားသည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယခု ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း KNU တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊တပ်မဟာ(၆) ဒူးပလာယာခရိုင် ရှေ့တန်းစစ်မြေပြင်များသို့ သွားရောက်ခဲ့မှု ခရီးစဉ်နှင့်ပတ်သက်ပြီး KNU ပြည်သူ့ဆက်ဆံရေးဌာနကမေးမြန်းချက်များကို ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပဒိုစောတောနီးအနေဖြင့် မြေပြင်အခြေအနေများ သိရှိနိုင်ရန် မြ၀တီမြို့အနီး လက်ခက်တောင် နေရာအပါအဝင် တပ်မဟာ(၆)ဒေသ၊ နေပြည်တော်နှင့်နီးသည့် တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများသို့ သွားရောက်ခဲ့ရာ တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးထားနိုင်ပြီး စစ်ကောင်စီက ခွာစစ်၊ ခံစစ် အနေအထား သာရှိတော့သည်ဟု ပြောပြသည်။

၂၀၂၃ ဇူလိုင်က သိမ်းယူခဲ့သည့် တပ်မဟာ(၆) လက်ခက်တောင်ဒေသ၊ မြ၀တီမြို့မှ ကြိုဆိုပါ၏ ဆိုသည့်ဆိုင်းဘုတ်အထိ ရောက်ရှိခဲ့ကြောင်း၊ အာရှလမ်းမကြီး တစ်ခုလုံးထိန်းချုပ်ထားနိုင်ကြောင်း ၊ တပ်မဟာ(၃) မုန်း၊ ကျောက်ကြီး၊ ရွှေကျင် အပြင် စစ်တောင်းမြစ် အနောက်ဘက်ကမ်းကို ဖြတ်ကူးလာပြီး မဒေါက် ရထားလမ်းနှင့်မနီးမဝေးနေရာအထိ ရောက်ခဲ့ကြောင်း၊ နှစ်ရက်အတွင်း ရွာပေါင်း ၆၀ကျော်ကို သွားရောက်ခဲ့ကြောင်းရှင်းပြသည်။

“နယ်မြေစိုးမိုးမှု အပိုင်းမှာတော့ မြို့ကိုတော့ မလိုအပ်ဘဲနဲ့ ကျနော်တို့ အသေမခံနိုင်ဘူး။ ပြောရမယ်ဆိုရင် ရှေ့ဆက်ရမယ့် ခရီးက အများကြီးရှိသေးတယ်။ အဲဒါကြောင့်မို့လို့ ဒီကာလမှာ နယ်မြေတွေကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်လဲဆိုတာ ပြောချင်တာ။” ဟု ပဒိုစောတောနီးက ပြောသည်။

ဇန်နဝါရီ နောက်ဆုံးပတ်တွင် တပ်မဟာ(၁) နယ်မြေ သို့ရောက်ရှိ ခဲ့ပြီး ဘားအံမြို့နယ် ၊ သထုံမြို့နယ်၊ ကျိုက်ထို စသည့် ဒေသများ၌ KNU ဘက်ကနယ်မြေစိုးမိုးမှု အားကောင်းပြီး စစ်ကောင်စီ အနေအထားမှာ စခန်းအပြင် လုံး၀ထွက်မရသည့် အခြေအနေဖြစ်ကြောင်း၊ လမ်းများကို ဖျက်ဆီးပြီးခံစစ်ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ခွာစစ်၊ခံစစ်ကို ပြင်ဆင်နေပြီး နောက်ဆုံးတွင် နေပြည်တော်ကို ခံကတုတ်အဖြစ် ပြင်ဆင်နေသည်ကို မြင်ရကြောင်း ပြောသည်။

စစ်ကောင်စီတပ်များက နေရာများကို စွန့်ခွာသွားပါက အသိသာဆုံး အချက်မှာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ မြေမြှုပ်မိုင်းများ လည်းထောင်ထားခဲ့ကြောင်း ပြောပြပြီး မြေမြှုပ်မိုင်းပြဿနာသည် ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်ဟုဆိုသည်။

“ဆိုလိုတာက မစားရတဲ့ အမဲသဲနဲ့ ပတ်တယ်ဆိုတာက နေရာတစ်ခုတည်းမှာမဟုတ်ဘူး နေရာတော်တော်များများမှာ သူတို့က လုပ်သွားခဲ့တယ်။အဲဒါကြောင့် မြို့တွေကို သူတို့က ပြောလည်းပြောခဲ့ပြီးပြီ။ မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဟာ မင်းတို့ ဘယ်လောက်ပဲ သိမ်းနိုင် သိမ်းနိုင်

ငါတို့က မင်းတို့ အုပ်ချုပ်လို့မရအောင် လုပ်ပစ်မှာပဲဆိုတာ သူတို့ ပြောတာ ပြောတဲ့အတိုင်းလည်း လုပ်တယ်လေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီကနေ့ ဒီကာလမှာမြို့သိမ်းတာ သိပ်ပြီးတော့ အာရုံမလာဘူး။ အာရုံသိပ်ထည့်ထားမယ်ဆိုရင် ရတာနဲ့ လုံး၀မတန်ဘူး။ ဥပမာ မုန်းမှာရော၊ ဇရပ်ကြီးမှာရော”ဟု ပဒိုစောတောနီးက ပြောသည်။

သို့ရာတွင် လိုအပ်ရင် လိုအပ်သလို ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပြီး နေပြည်တော်ကို မည်သို့ ထိုးဖောက်ရမည်ကိုစဉ်းစားရမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဒီအချိန်မှာတော့ ဒါတွေ(မြို့သိမ်း)ကို သိပ်စဉ်းစားမှာ မဟုတ်ဘူး။ ဒါပေမယ့် စစ်ရေးအရလိုလာတဲ့ဟာကတော့ ကျနော်တို့ တပ်မှူး တပ်ဗိုလ်တွေက ဒါစဉ်းစားမှာပဲ။ ကိုယ့်အထိအခိုက် နည်းတဲ့အလုပ်ကို ကိုယ်ကိုယ်တိုင်လုပ်မယ်။ နောက်ပြီးတော့ အသဲနှလုံးရှိတဲ့နေရာ အရှိုက်ရှိတဲ့နေရာ သူ့ရဲ့ အကယ့်အညှာ ရှိတဲ့နေရာကိုကျနော်တို့ ဖောက်မှာပဲ”ဟု ပဒိုစောတောနီးက ပြောသည်။

ထိုသို့ ထိုးဖောက်ရာ၌ KNU၏ အားတစ်ခုတည်းသာမက KNU အဖွဲ့ထံ ရောက်လာသည့် လူငယ်များနှင့်အတူ လုပ်ရမည့် အလုပ်များကို သေသေသပ်သပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် နယ်မြေများစွာ လက်ထဲရောက်လာ ၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင် ရန် လိုအပ်ချက်များစွာ ရှိနေကြောင်း ပညာရေး၊ ကျန်းမာရေး ပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး အလေးထား စဉ်းစားလုပ်ကိုင်နေရကြောင်း ပြောသည်။

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ပါက ဖြစ်ပေါ် လာမည့် စစ်ဘေးရှောင်အရေးကို ရှောင်လွှဲ၍ မရကြောင်း၊ သို့ရာတွင် ပြတ်သားစွာပင် စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

“လက်ရှိကာလမှာ နောက်ဆုံးစာရင်း ဇယား ၂၀၂၄ ဇန်နဝါရီ လကုန်အထိ ချုပ်လိုက်တော့ ၇၆၄၀၀၀ ကျော်ဖြစ်သွားပြီ”ဟု ၎င်းက ကရင် ဒေသ တစ်ခုတည်း၏ စစ်ရှောင် အခြေအနေကို ပြောပြသည်။

ထိုသို့ စစ်ရှောင်ဦးရေ များပြားရခြင်းမှာ စစ်ကောင်စီက လက်နက်ကြီးမျာဖြင့် ကျေးရွာများသို့ ပစ်ခတ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ တိုက်ပွဲမဖြစ်ဘဲ ပစ်ခတ်နေကြောင်း၊ အရပ်သားသေဆုံးထိခိုက်မှုများ နေ့စဉ်နှင့်အမျှ ရှိနေကြောင်း အသိပေးသည်။

(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – EPA)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *