ကချင်ဘက်မှာ ပွဲတွေမြိုင်လာတော့့မယ်

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက တော်လှန်ရေးတပ်ပေါင်းစုက ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်ရှိ မော်လူးမြို့ကို ပြန်သိမ်းရန် စစ်တပ်က ထိုးစစ်ဆင်နေရာ နှစ်ဖက်တပ်များအကြား တိုက်ပွဲများပြင်းထန်လျက်ရှိသည်

ဖေဖော်ဝါရီ ၂၀ ရက်၊ မွန်းလွဲတွင် အင်းတော်နှင့် မော်လူးအကြားရှိ ပင်ဝယ်ရွာအနီး အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့၍ ထိုစစ်ကြောင်းက ပြန်ဆုတ်သွားကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်

နှစ်နာရီနီးပါးကြာသည့် ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ပျူစောထီး ပြည်သူ့စစ်များနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်များပါဝင်သလို တော်လှန်ရေးအင်အားစုဘက်မှ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကချင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) တို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်

တိုက်ပွဲအတွင်း အင်းတော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီး အချက်ရေ ၅၀ နီးပါး ပစ်ကူပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်က သေဆုံးဒဏ်ရာရသူရှိနိုင်သော်လည်း အသေးစိတ်ကို အတည်မပြုနိုင်ကြောင်းနှင့် KPDF တပ်ရင်း (၆) မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသည့် ဒေသခံအမျိုးသမီးတစ်ဦးကို စစ်တပ်က ပစ်ခတ်ခဲ့ သည့်အတွက် သေဆုံးခဲ့ကြောင်း ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ ပင်ဝယ်ရွာသည် အင်းတော်နှင့် မော်လူးအကြားတွင် ရှိပြီး မော်လူးနှင့် ၈ မိုင်၊ နဘားနှင့် ၁၀ မိုင်ခန့် အကွာတွင် ရှိသည်။

၂၀၂၃ ခုနှစ် အစောပိုင်းမှစတင်ကာ စစ်ကောင်စီတပ်သည် အင်းတော်မြို့အနီး ဒေသတွင်းသွားလာရေး အချက်အချာကျသည့် နဘားရွာတွင် တပ်စွဲထားခြင်းဖြစ်ပြီး ထို့နေ့က အင်အား ၂၀၀ ခန့်ဖြင့် မော်လူးမြို့ဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

နဘားရွာသည် အင်းတော်နှင့် ကသာမြို့တို့ကို ဆက်သွယ်ထားပြီး စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ် နန့်စီးအောင်မြို့သို့ သွားရောက်နိုင်သည့် လမ်းဆုံလမ်းခွတစ်ခုဖြစ်သည်။

တပ်ဆုတ်သွားသည့် စစ်တပ်က နဘားရွာအတွင်း ပြန်ဝင်ရောက်သွားပြီး ဒဏ်ရာရ စစ်သားများကို ဆေးကုပေးနေသည်ဟု အင်းတော်-PDF အဖွဲ့နှင့် နီးစပ်သူ အသက် ၂၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မော်လူး၊ ရွှေပြည်အေး၊ ခမ်းပါတ်၊ ကောလင်း စသည့် မြို့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များက ပြီးခဲ့သည့်နှစ်အတွင်းက သိမ်းပိုက်နိုင်ခဲ့ပြီး ခရိုင်အဆင့် ကောလင်းမြို့ကို ဖေဖော်ဝါရီလဆန်းပိုင်တွင်း စစ်ကောင်စီတပ်က ပြန်သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ကောလင်းနှင့် မိုင် ၈၀ ခန့်သာ ဝေးသည့် မော်လူးမြို့ကို ထပ်မံသိမ်းပိုက်ရန် စစ်တပ်က ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ တစ်ပြိုင်နက်တည်းလိုလိုမှာပင် ရွှေပြည်အေးမြို့ကိုလည်း စစ်ကောင်စီက ပြန်လည်ရရှိရန် ထိုးစစ်ဆင်နေသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မော်လူးမြို့တွင် လူဦးရေ ၉၀၀၀ နီးပါး နေထိုင်ကြောင်း သိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *