ခရိုနီတွေကို စကစက နှုတ်ပိတ်နေပြီ

ကော့သောင်း သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်၏ ညီဖြစ်သူ စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံး

Western News| ဖေဖော်ဝါရီ ၁၂

မြန်မာ-ထိုင်း နှစ်နိုင်ငံစလုံးက ဖမ်း၀ရမ်း ထုတ်ခံထားရသည့် ဦးကျော်လွင်၏ ညီဖြစ်သူကို စစ်ကောင်စီက စစ်ကြောရေးတွင် ဖမ်းဆီး နှိပ်စက်ပြီး သတ်ဖြတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ဦးကျော်လွင်၏ အမှုနှင့်ပတ်သတ်ပြီး စစ်ဆေး စရာရှိသည်ဟု ဆိုကာ ခေါ်ဆောင်ခြင်းခံရသည့် ဦးနောင်ပိန်အား ကော့သောင်း ရဲစခန်းတွင် ချုပ်နောင်ခံရပြီးနောက် စစ်ကြောရေးတွင် ရိုက်နှက် စစ်ဆေးမှုကြောင့် လက်လွန် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဦးနောင်ပိန်အား ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မိသားစုကို လာရောက်ကြည့်ရှုရန် အသိပေးခဲ့သောလ်ညး အလောင်းအား ထုတ်မပေးသေးကြောင်း မိသားစုနှင့် နီးစပ်သူများ Western News ကို ပြောသည်။

“ဦးနောင်ပိန် ဆုံးသွားတယ် ဆိုပြီး မိသားစုဝင်တွေကို အကြောင်းကြားလာမှ သိရတာပါ။ အကြောင်းကြားလာတဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ အထိ အလောင်း ပြန်မရသေးဘူး၊ အားလုံးက ဘယ်လို အခြေအနေ ရှိမှန်း မသိတော့ စိုးရိမ်ကြောက်လန့် နေရတယ်”ဟုပြောသည်။

ကနဦးတွင် ကော့သောင်းမြို့က ဒေသအခြေစိုက် စရဖအဖွဲ့က စစ်ဆေးပြီး ပုံမှန်အခြေအနေ ရှိသေးသော်လည်း နေပြည်တော်မှ ရောက်ရှိလာသည့် စရဖ လေးဦးမှ ထပ်မံ ရိုက်နှက် စစ်ဆေးရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့က ဒေသခံလုပ်ငန်းရှင် တစ်ဦးက “သူက ဘာမှ လုပ်ထားတာ မရှိဘူး။ ကိုကျော်လွင် ညီ ဆိုပေမယ့် သူလုပ်ငန်းနဲ့ သူပါ။ အဲ့ဒါ မဆိုင်ဘဲ သေဆုံးအောင် အထိ ရိုက်နှက် စစ်ဆေးတာကတော့ အတော်ကို လူမဆန်တဲ့ လုပ်ရပ်လို့ပဲ မြင်တယ်”ဟု ပြောသည်။

စစ်ကောင်စီက ဖမ်းဆီး ရိုက်နှက် စစ်ဆေးမှုကြောင့် သေဆုံးသွားသူ ဦးနောင်ပိတ်သည်၊ အသက် ၆၀ နှစ်ကျော်ရှိပြီး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဦးကျော်လွင် ဂယက်ကြောင့် ကော့သောင်းမြို့က ဦးကျော်လွင်၏ ညီအစ်များ၊ ဆွေမျိုးများနှင့် ရင်းနှီးသော အသိမိတ်ဆွေများက အစ စစ်ကောင်စီက ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖမ်း၀ရမ်းထုတ်ပြီးနောက် ဘန်ကောက်နှင့် ရနောင်းမြို့က ဦးကျော်လွင်၏ လုပ်ငန်းနှင့် ပတ်သက်သည့် နေရာ ၂၇ ခုတွင် ဝင်ရောက် စစ်ဆေးပြီး ပိုင်ဆိုင်မှုများကို ချိတ်ပိတ် သိမ်းဆည်းကာ လူ ခုနှစ်ဦး ဖမ်းဆီးနိုင်ခဲ့သည်။

ဦးကျော်လွင် အပါဝင် လူ ၁၁ ဦးကိုမှု လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုထားသည်။

ကော့သောင်းမြို့ Grand Andaman Hotel-သူဌေးကျွန်း ပိုင်ရှင်ဖြစ်သူ ဦးကျော်လွင်သည် ထိုင်းနိုင်ငံတွင် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊ ငွေကြေး ခဝါချမှုများနှင့် ပြည်ပနိုင်ငံသို့ စက်သုံးဆီ တင်ပို့ရန်တွင် အခွန်ရှောင်မှုတို့ဖြင့် ထိုင်းက ဖမ်း၀ရမ်းထုတ်ခံထားရသလို မြန်မာဖက်က စစ်ကောင်စီကလည်း အလားတူ ဖမ်း၀ရမ်းကို ယခုလ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

Western News-WN

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *