အကယ်ဒမီဆုပေးပွဲကြည့်ပြီးပျော်နေတဲ့သူတွေမြင်ကြပါစေ

ကရင်နီပြည်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးမှု ကုလသမဂ္ဂနှင့် နိုင်ငံတကာက အရေးယူပေးရန် တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ဆရာ၊ ဆရာမ ၂ ဦးအပါအဝင် ပြည်သူ ၁၉ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC က တောင်းဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်နှင့် နံနက် ၁၁ နာရီ မိနစ် ၂၀ တို့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီးအီးကျေးရွာရှိ စာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း အနီးအနား တဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ၁၀ ကြိမ် တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ တစ်ချိန်တည်း မှာပင် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများက လက်နက် ကြီးများဖြင့် ၆ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တပ်က ထို့သို့တိုက်ခိုက်မှုများကြောင့် ဒေါဆီးအီကျေးရွာ စာသင်ကျောင်းတွင် အေးချမ်းစွာ ပညာသင်ကြား နေသော အသက် ၁၃ နှစ်အရွယ် ဝန်းကျင်ရှိသည့် အလယ်တန်းကျောင်းသား ၄ ဦး ပွဲချင်းပြီး သေဆုံး ခဲ့ကာ မူကြိုအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ကလေးငယ် စုစုပေါင်း၁၄ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း၌လည်း ဆရာ၊ ဆရာမ ၂ ဦး နှင့် ကျေးရွာသူ ရွာသား ၅ ဦး ဒဏ်ရာရရှိကာ သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ကျောင်းအဆောက်အဦး ၆ လုံး ၊ ခရစ် ယာန် ဘုရားကျောင်း ၁ ကျောင်း ၊ လူနေအိမ် ၅ လုံး နှင့် ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် သေဆုံးထိခိုက်ခဲ့ရသည့် ကျောင်းသားကလေးသူငယ်များနှင့် အရပ်သား ပြည် သူများ၏ မိသားစုဝင်များနှင့်ထပ်တူ အလွန် ဝမ်းနည်းကြေကွဲရပြီး အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပြည်သူများနှင့် အပြစ်မဲ့ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက် ခြင်းသည် လက်သင့်ခံနိုင်ဖွယ်မရှိဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါကြောင်း ကရင်နီပြည်နယ် ကြား ကာလ အုပ်ချုပ်ရေးကောင်စီ – IEC က ပြောဆိုထားသည်။

စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုသည် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ နှင့်ဓလေ့ထုံးတမ်းဥပဒေများအပေါ် ဆိုးဝါးသည့် ချိုးဖောက်မှုဖြစ်ရာ ရောမသဘောတူစာချုပ် (Rome Statue) အရ စစ်ရာဇဝတ်မှုမြောက်သည့် ရက်စက်သော လုပ်ရပ်ဖြစ်ကြောင်း၊

ထို့ပြင် ကလေးသူ ငယ်များ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) အရ “ကလေးတိုင်းတွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင် နေထိုင်ခွင့်ရှိသည်”ဟူသောအချက်နှင့်ဂျီနီ ဗာ သဘောတူညီချက်များကိုလည်း အကြမ်းဖက် စစ်ကောင်စီက အလေးထားမှု မရှိဘဲ ပြောင်ပြောင် တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်ကြောင်း IEC က ထောက်ပြသည်။

သို့ဖြစ်၍ လူနည်းစုများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇ ဝတ်မှုနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအား ဆိုးဝါးစွာ ချိုးဖောက်မှုများ အတွက် အကြမ်းဖက်စစ်ကောင်စီ တာဝန်ရှိသူများကို တရားစွဲဆို အပြစ်ပေးရန် သော်လည်းကောင်း၊

၎င်းတို့မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်သော်လည်းကောင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံး ဝိုင်းဝန်းအရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်း တောင်းဆိုကြောင်း ကရင် နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC က တိုက်တွန်းတောင်းဆိုထားသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *